NCA ထိုးထားသည့် ထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးစနစ်ဖြင့် စတင်အုပ်ချုပ်သွားမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား

0
170

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့်စတင် အုပ်ချုပ်သွားမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်က မတ်လ (၁၇) ရက်တွင် ပြောကြားလိုက်သည်။

ယနေ့ မတ်လ (၁၇) ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌စတင် ကျင်းပသည့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး (7 NCA -SEAO Summit) အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

” မိမိတို့ (၇) ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေဒေသအသီးသီးမှာ မိမိတို့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ဒေသတွေမှာရှိတဲ့ လူထုအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး ၊ ကျန်းမာရေး၊ စားဝတ်နေရေးအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ထို့အပြင် ဖက်ဒရယ်ပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားမည်ဖြစ်ပြီး NCA ထိုးပြီးသား (၇)ဖွဲ့ကြားတွင်လည်း တူညီသည့် အချက်များကိုတွဲလုပ်ကာ မတူညီသည့်အချက်များအား ခွဲလုပ်မည်ဆိုသည့်မူအတိုင်း ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆိုသည်။

ယနေ့အခြေအနေသည် နိုင်ငံရေးဘောင်ကျဉ်းလာပြီး စစ်ရေးဘောင်ကျယ်လာသည့်အနေအထားဖြစ်ကာ NCA (၇) ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့တို့ လက်ခံထားသည့် ဖက်ဒရယ်မူကိုကိုင်စွဲပြီး ရှေ့ဆက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

7 NCA-S EAO Summit ကို မတ်လ (၁၉) ရက်အထိ (၃) ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် စုဖွဲ့မှုပုံစံသစ်အတွက် ပြင်ဆင်ထားသည့် နိုင်ငံရေးဆိုင်ရာ အဆိုပြုချက် မူကြမ်းနှင့် စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံစည်းမျဉ်း မူကြမ်းတို့ကို အကြေအလည် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွဲ့စည်းပုံစည်းမျဉ်း မူကြမ်းကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို အတည်ပြုသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here