ဆလင်းဒီရွန် စင်ပေါ်ပြန်တက်ရန် စိတ်အားထက်သန်ဆဲ

0
143

ကမ္ဘာကျော် ပေါ့ပ်တေးသံရှင် ဆလင်းဒီရွန်သည် ရှားပါးသည့် အာရုံကြောဆိုင်ရာရောဂါကို ခံစားနေရ သော်လည်း စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိနိုင်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း အင်စတာဂရမ်၌ရေးသားဖော်ပြခဲ့သည်ဟုသိရသည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဒီရွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် Stiff person syndrome အမည်ရှိသော ယခုရောဂါလက္ခဏာများအား စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ဒီရောဂါကိုကျော်လွှားဖို့ ကြိုးစားကတာဟာ ကျွန်မဘဝရဲ့ အခက်ခဲဆုံးအတွေ့အကြုံတွေထဲကတစ်ခုပါဘဲ၊ဒါပေမယ့် တစ်နေ့နေ့မှာ စင်မြင့်ပေါ်ကိုပြန်တက်ပြီး တတ်နိုင်သမျှ ပုံမှန်ဘဝအတိုင်းနေထိုင်သွားဖို့ ကျွန်မစိတ်ပိုင်းဖြတ်ထားပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ SPS အသိပညာပေးနေ့အထိမ်းအမှတ်အခမ်းအနား၌ ဒီရွန်ကပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက “SPS ရောဂါဒဏ်ခံနေရတဲ့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့သူတွေကို ကျွန်မအနေနဲ့ အားပေးမှုတွေနဲ့ပံ့ပိုးမှုတွေပေးပို့ချင်ပါတယ်။ကျွန်မတို့‌ကျော်ဖြတ်နိုင်တယ်၊လုပ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်” ဟုလည်း အားပေးစကားပြောကြားခဲ့သည်။

Stiff person syndrome ရောဂါအား အမြစ်ပြတ်ကုသရန်ဆေးမရှိသော်လည်း ပုံမှန်ဆေးကုသမှုခံယူသွားပါက ရောဂါအခြေအနေပိုမဆိုးလာအောင်ထိန်းထားနိုင်ပြီး ယခုရောဂါသည် အမျိုးသားများထက် အမျိုးသမီးတွင် ရောဂါဖြစ်နိုင်ခြေနှစ်ဆပိုများသည်ဟုလည်းသိရသည်။

ဒီရွန်သည် ၎င်း၏ဆယ်စုနှစ်နှင့်ချီသည့် အနုပညာရှင်ဘဝအတွင်း အယ်လ်ဘမ်ပေါင်း သန်း ၂၅၀ ကျော် ရောင်းချခဲ့ရသည့် ကမ္ဘာကျော်တေးသံရှင်တစ်ဦးလည်းဖြစ်သည်။

တိုက်တန်းနစ်ရုပ်ရှင်ကား၏ဇာတ်ဝင်တေး “My Heart Will Go On” သည်လည်း ဒီရွန်၏ အကျော်ကြားဆုံးသီချင်းဖြစ်ကာ အော်စကာဆုရတေးသီချင်းတစ်ပုဒ်လည်းဖြစ်သကဲ့သို့ ဒီရွန်သည် စုစုပေါင်း ဂရမ်မီဆုငါးဆုအထိ ရရှိခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အိတ်ခ်ျကျူ


LEAVE A REPLY

Please enter your comment!
Please enter your name here