မဟာအောင်မြေမြို့နယ်မှ ပျောက်နေသည့် အသက်(၅၄) နှစ်အရွယ် အမျိုးသမီးအား စစ်ကိုင်းမြို့တွင် ပြန်လည်တွေ့ရှိ

0
159

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ ပျောက်ဆုံးနေသည့် အသက် (၅၄)နှစ်အရွယ် (စိတ်ကျန်းမာရေးမကောင်းသူ) အမျိုးသမီးအား စစ်ကိုင်းမြို့တွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း “မဏီစလ”လူမှုကူညီရေးအသင်း (မန္တလေး) မှ သိရသည်။

မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာပုံဥယျာဉ်အနောက်၊ အကွက် (၅၃၇) မှ အမျိုးသမီး တစ်ဦးမှာ မတ်လ (၁၄) ရက်တွင် ပျောက်သွားသည့်အတွက် လူပျောက်ကြော်ငြာတင်ကာ အကူအညီတောင်းခံထားခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ ကုတင် (၂၀၀) ဆေးရုံအနီးတွင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“သူက အဲဒီကို ဘယ်လိုရောက်သွားလဲဆိုတော့ မသိရဘူးဗျ။ အဲဒီရပ်ကွက်ထဲက လူက စစ်ကိုင်းမှာ သွားရင်း လမ်းမှာတွေ့လို့ ကျွန်တော်တို့ ရုံးကို အကြောင်းကြားရင်း လာခေါ်ခိုင်းတာပါဗျ”ဟု “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး)မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ အတည်ပြု ပြောသည်။

အဆိုပါ ပျောက်နေသည့် မဆွေအမည်ရှိ အမျိုးသမီးအား ယနေ့ မတ်လ (၁၇) ရက် တွင် စစ်ကိုင်းမြို့ ကုတင် (၂၀၀) ဆေးရုံ အနီး၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အသင်းမှ အသိပေးထားသည်။ 

ယင်းအမျိုးသမီးအား “မဏီစလ” လူမှုကူညီရေးအသင်းမှ ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်ခေါ်ဆောင်ပြီး မိသားစုထံသို့ ပြန်လည်အပ်နှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here