ကသာမြို့ မြောက်ပိုင်းရပ်ကွက်တွင် ပေါ့ဆမီးကြောင့် လူနေ အိမ် (၆) လုံး မီးလောင်

0
154

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက် ၊ အောင်သပြေလမ်းတွင် မတ်လ (၁၆) ရက်ညနေ (၄)နာရီခွဲအချိန်ခန့်က မီးပေါ့ဆမှုကြောင့် လူနေအိမ် (၆) လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ ကသာခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးသူတို့ ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ပြည်သူများနှင့် စုပေါင်းမီးငြှိမ်းသတ်ခဲ့သည့်အတွက် ညနေ (၅)နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင်အား ကသာမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

ယင်းမီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၆) စုကို ယနေ့မတ်လ (၁၇) ရက် ၊ နံနက် (၁၀) နာရီက ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

မီးလောင် ဆုံးရှုံးခဲ့ရသည့်အိမ်ထောင်စု (၆) စုအား ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခေတ္တအုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများ၊ ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မီးဘေးသင့် အိမ်ထောင်စုဝင်များအားတစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း (၁၂၆၀ ၉၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here