Miss Universe ပြိုင်ပွဲတွင် မင်းသားခေါင်းပေါင်းနှင့် ဂါဝန်ဝတ်ပြီး ပြိုင်မည့်ကိစ္စ အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် တားမြစ်ချက်မလိုက်နာပါက အရေးယူမည်ဟု သဘင်အစည်းအရုံးပြော

0
194

မက္ကဆီကို နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီးဂါဝန် တွဲဖက်ဝတ်ဆင်ကာယှဉ်ပြိုင်ရန် စီစဉ်နေမှုအား မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Miss Universe ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ယှဉ်ပြိုင်မည့် ဝတ်စုံဒီဇိုင်းအား Fashion & Artistry Exhibition Page တွင် မတ်လ (၁၆) ရက်က တရားဝင် အသိပေးထားခြင်းဖြစ်ပြီး ယင်းဝတ်စုံအား ကန့်ကွက်ကြောင်းကို ယနေ့ မတ်လ (၁၇) ရက်တွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)မှ သတိပေးတားမြစ်ချက်ဟုဆိုကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတိပေးတားမြစ်ချက်အား လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင့် စည်းမျဉ်းစည်းကမ်းများ၊ မြန်မာ့ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဝတ်စုံအား ဇိုင်နာ ခင်စုစုအောင်၏ ဒီဇိုင်း ပုံကြမ်းများကို မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်နိုင်ရန် တီထွင်ချုပ်လုပ်ထားခြင်းဖြစ်ကာ မော်ဒယ် စင်ဒီမြတ်က ဝတ်ဆင်ပြသထားကြောင်း Fashion & Artistry Exhibition Page မှ မတ်လ (၁၆) ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ ဒီဇိုင်းနှင့် ဝတ်ဆင်မှုမှာ မြန်မာ့ဇာတ်သဘင်လောကတွင် အမြတ်တနိုး အလေးအနက်ထားရသည့် သဘင်မင်းသား ခေါင်းပေါင်းနှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်းဖြစ်ကာ ရိုးရာသဘင်မင်းသားခေါင်းပေါင်း ပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်းမှာ မည်သို့မျှ မသင့်တော် မအပ်စပ်သည့် အပြင် မြန်မာ့ဇာတ်သဘင် ယဉ်ကျေးမှုကို ထိပါး စော်ကားရာရောက်နေကြောင်းနှင့် အဆိုပါ ဝတ်စုံအား ထပ်မံ၍ ဝတ်ဆင်ဖော်ပြခြင်းနှင့် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်မည့် Miss Universe ပြိုင်ပွဲတွင် ဝတ်ဆင်ခြင်းတို့အား မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပြင်းထန်စွာရှုံ့ချ၍ အလေးအနက် သတိပေးတားမြစ်ကြောင်း သဘင်အစည်းအရုံးက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

သတိပေးတားမြစ်ချက်အား လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ သဘင့် စည်းမျဉ်းစည်းကမ်းများ၊ မြန်မာ့ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေငြာထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here