ပြည်တွင်း ချည်မျှင်ထုတ်လုပ်နိုင်မှု ၃၃ ရာခိုင်နှုန်းသာ ရှိ၍ စက်ရုံများ ထပ်မံတိုးချဲ့ဆောင်ရွက်ရန် စက်မှုဝန်ကြီး တိုက်တွန်း

0
182

ပြည်တွင်းချည်မျှင် ထုတ်လုပ်နိုင်မှုသည် လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသဖြင့် ချည်မျှင်ထုတ်လုပ်သည့်စက်ရုံများ ထပ်မံတိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်းစက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောကြားသည်။

မတ် (၁၆)ရက်က မန္တလေးမြို့ရှိ ဝါလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ဝါစိုက်ပျိုးထွက်ရှိမှုသည် လိုအပ်ချက်အပေါ် ပြည့်မီ လုံလောက်စွာ စိုက်ပျိုးထွက်ရှိသော်လည်း ထွက်ရှိသည့် ဝါကုန်ကြမ်းများကို အကုန်အစင်ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဝါကြိတ်စက် (Double Roller Gin) အရေအတွက် လုံလောက်မှုမရှိသည်ကို တွေ့ရှိရကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဝါကြိတ်စက်(Double Roller Gin)များကို ပြည်ပမှ မှာယူတင်သွင်းမည့်အစား ပြည်တွင်းရှိ စက်မှုဇုန်များ၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှင် ပြည်တွင်းစက်မှုဇုန်များတွင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်သည့်အပြင် ဝါကြိတ်စက်ထုတ်လုပ်ရောင်းချနိုင်သည့် နည်းပညာတစ်ရပ်ကိုလည်းရရှိမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့အတူ ကြိတ်ခွဲရရှိလာသည့် ဝါဂွမ်းများကိုလည်း ချည်မျှင်ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ထပ်မံတည်ဆောက်သည့် ချည်မျှင်စက်ရုံများမှ ထုတ်လုပ်သည့် ချည်အမျိုးမျိုးကို ပြည်တွင်း MSME လုပ်ငန်းရှင်များအား ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် ပြည်တွင်း၌ပင် လွယ်ကူလျင်မြန်ချောမွေ့စွာ မှာယူသုံးစွဲနိုင်သည့်အတွက် အချိန်ကုန်သက်သာခြင်း၊ ငွေကြေးကုန်ကျမှု ပိုမိုသက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

ဝါစိုက်တောင်သူများအနေဖြင့် ဝါမျိုးကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်တွင်းစက်မှုဇုန်လုပ်ငန်းရှင်များကလည်း လိုအပ်သည့် စက်ပစ္စည်းများကို တီထွင်ကြံဆ၍ ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ ချည်မျှင်နှင့် အထည်စက်များကို ထပ်မံတိုးချဲ့ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here