သမိုင်းဝင် ကျိုက်ပညာယျ စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲကျင်းပ

0
228

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည်ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက် သူတော်ကောင်းများ အဆက်ဆက်တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ် နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို ယနေ့ မတ်လ (၁၇) ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင် မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြ သူများက ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက် ဦးစီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသ ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာ များက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် ဇနီးက သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် လှူဖွယ်ပစ္စည်းများကို သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ လည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ် နားတော်နှင့် လှူဖွယ်ပစ္စည်းများကို ပဲခူးမြို့၊ မြို့မဆရာတော်ကြီးထံသို့လည်းကောင်း သာဟတ္ထိကဒါနမြောက် ဆက်ကပ် လှူဒါန်းပူဇော်ကြသည်။ 

စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာ မဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် နစက ဥက္ကဋ္ဌဇနီးနှင့် မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုး ဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော် အထွတ်၌ တင်လှူပူဇော်ခြင်း၊ တာဝန်ရှိသူအသီးသီးက အရံစေတီတော်များအား စိန်ဖူးတော်များကို တင်လှူပူဇော်ခြင်းတို့ပြုခဲ့ကြသည်။

ထို့‌နောက် နစကဥက္ကဋ္ဌက စေတီတော်မြတ်ကြီးအား ရွှေကြာ သင်္ကန်း ကပ်လှူပူဇော်ပြီးနောက်  ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here