ဂျပန်က ထိုင်ဝမ်၊ တောင်ကိုရီးယားတို့နဲ့အပြိုင် ပြည်ပအလုပ်သမားတွေ ဆွဲဆောင်နိုင်ရေး ကြိုးပမ်းလာ

0
169

ပြည်ပအလုပ်သမားတွေ ရှာဖွေရာမှာ ထိုင်ဝမ်၊ တောင်ကိုရီးယားတို့နဲ့ ပြိုင်ဆိုင်မှုပြင်းထန်လာတာကြောင့် သောကြာနေ့မှာ အစိုးရအဖွဲ့က အတည်ပြုလိုက်တဲ့ ဥပဒေအရ နိုင်ငံတကာ အလုပ်သမားတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ ဂျပန်က ကြိုးပမ်းလာပါတယ်။

အခြားအာရှနိုင်ငံတွေမှာ လုပ်ခလစာမြင့်တက်လာတာကြောင့် ဂျပန်ရဲ့ အလုပ်သမားဆွဲဆောင်မှုအချို့ဟာ အားနည်းလာခဲ့ပြီး သက်ကြီးရွယ်အိုဦးရေမြင့်မားတဲ့နိုင်ငံမှာ ပြည်ပအလုပ်သမားတွေကို ကာလကြာရှည်ပိုနေထိုင်ခွင့်ပြုမယ့် ပေါ်လစီတွေရေးဆွဲဖို့ရာ မူဝါဒချမှတ်သူတွေကို အရေးတကြီးအာရုံစိုက်စရာဖြစ်စေခဲ့ပါတယ်။

သောကြာနေ့က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းဟာ အလုပ်ပြောင်းရခက်ခြင်း အပါအဝင် တင်းကြပ်တဲ့စည်းမျဉ်းတွေကြောင့် ဝေဖန်ခံနေရတဲ့ နည်းပညာအလုပ်သင်များဆိုင်ရာ ပရိုဂရမ်တစ်ခုကို အစားထိုးမှာဖြစ်ပါတယ်။

အစီအစဉ်သစ်အရ အလုပ်သင်တွေဟာ အကန့်အသတ်မရှိ သက်တမ်းတိုး နေထိုင်နိုင်တဲ့ ဗီဇာအမျိုးအစားနဲ့ ကျွမ်းကျင်လုပ်သားအဆင့်ရောက်တဲ့အထိ လိုအပ်တဲ့ ကျွမ်းကျင်မှုအဆင့် သင်ကြားတာတွေ လုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အခြား အရှေ့အာရှနိုင်ငံတွေနည်းတူ စီးပွားရေးကျဆင်းသွားစေမယ့် ခြိမ်းခြောက်မှုအဖြစ် လူဦးရေကျဆင်းမှုကို ရင်ဆိုင်နေရတဲ့ ဂျပန်မှာ အခုလို မွမ်းမံပြင်ဆင်ထားတဲ့ အစီအစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ဟာ ၂၀၂၂ ခုနှစ်မှာ မွေးဖွားနှုန်း ၁.၂၆ ရှိ ဂျပန်ရဲ့အောက် ဝ.၇၈ နဲ့ ဝ.၈၇ အသီးသီးရှိခဲ့ကြပါတယ်။ တောင်ကိုရီးယားမှာ ပြည်ပအလုပ်သမားဦးရေ ၉၂၀၀၀၀ ခန့်ရှိပြီး ပြည်ပလုပ်သားဦးရေ ၂.၀၅ သန်းရှိ ဂျပန်ထက် ထက်ဝက်ကျော် လျော့နည်းပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ အလုပ်သမားဆွဲဆောင်မှု အစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။ ဆိုးလ်ဟာ အထွေထွေအလုပ်အကိုင်ပါမစ်ချထားမှုကို ၂၀၂၄ ခုနှစ်မှာ ၁၆၅၀၀၀ သို့ တိုးချဲ့ခဲ့ပြီး ဒါဟာ ၂၀၁၀ ပြည့်နှစ်များက သတ်မှတ်ထားခဲ့တဲ့ ပမာဏထက် နှစ်ဆကျော် ပိုများခဲ့တယ်လို့ Mitsubishi UFJ သုတေသနနဲ့ အတိုင်ပင်ခံကုမ္ပဏီရဲ့ အဆိုအရ သိရပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားအစိုးရဟာ ကျွမ်းကျင်လုပ်သားခွဲတမ်းကိုလည်း ၂၀၂၃ ခုနှစ်မှာ ၃၅၀၀၀ သို့တိုးမြှင့်ခဲ့ပြီး ယခင်သတ်မှတ်အဆင့်ထက် ၁၇.၅ ဆပိုများခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဆင့် အလုပ်သမားတွေဟာ နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်အတွက် အကျုံးဝင်ကြောင်း သိရပါတယ်။

ထို့အတူ ထိုင်ဝမ်ကလည်း ပြီးခဲ့တဲ့နှစ်မှာ ပြည်ပအလုပ်သမားပရိုဂရမ်ကို တိုးချဲ့ခဲ့ပြီး ဆောက်လုပ်ရေးကုမ္ပဏီတွေကို အလုပ်အကိုင်ခန့်ထားခွင့်ပြုခဲ့ကာ စိုက်ပျိုးရေးကဏ္ဍ အလုပ်သမားခွဲတမ်းကို ၁၂၀၀၀ အထိ နှစ်ဆတိုးခွင့်ပြုခဲ့ပါတယ်။ အရည်အချင်းပြည့်မီတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ကျွန်းနိုင်ငံမှာ အမြဲတမ်းနေထိုင်နိုင်ပြီး သူတို့ရဲ့ မိသားစုတွေကို ခေါ်ဆောင်နိုင်ကြောင်း သိရပါတယ်။

လစာမြင့်မားမှုကြောင့် ဂျပန်ဟာ တစ်ချိန်က အရည်အချင်းရှိ နိုင်ငံခြားသားတွေရဲ့ အားထားရာဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ယန်းငွေတန်ဖိုးကျဆင်းမှုနဲ့အတူ အခြားနိုင်ငံတွေဟာပြည်ပလုပ်သားတွေအတွက် ပိုမိုဆွဲဆောင်မှုဖြစ်လာခဲ့ပါတယ်။ ပမာအားဖြင့် ဂျပန်နိုင်ငံရှိ နည်းပညာအလုပ်သင်တွေဟာ လစဉ် ပျှမ်းမျှ ယန်း ၂၁၂၀၀၀(ဒေါ်လာ ၁၄၃၀) ရရှိကြပြီး ဒါဟာ တောင်ကိုရီးယားရှိ အထွေထွေလုပ်သားတွေရဲ့ တစ်လ ယန်း ၂၇၁၀၀၀ နဲ့ ညီမျှသလောက်ဖြစ်နေခဲ့ပါတယ်။ ထိုင်ဝမ်မှာတော့ ကုန်ထုတ်လုပ်သားတစ်ဦးဟာ တစ်လလုပ်ခ ယန်း ၁၄၃၀၀၀ နဲ့ညီမျှတဲ့လစာ ရရှိနေကြပြီး လျင်မြန်စွာမြင့်တက်လျက်ရှိကြောင်း သိရပါတယ်။

ပြည်ပလုပ်သားဆွဲဆောင်ရာနေရာတစ်ခုထပ်ဖြစ်လာဖို့ ဂျပန်က နည်းလမ်းတွေရှာကြံနေပါတယ်။

ဂျပန်နိုင်ငံမှာ ကျွမ်းကျင်လုပ်သားဗီဇာကိုင်ဆောင်ထားသူ ၂၀၈၀၀၀ ခန့်ရှိပြီး လုပ်သက်အတွေ့အကြုံရှိသူတွေဟာ အလုပ်ရှင်ပြောင်းဖို့ခွင့်ပြုတဲ့ နှစ်ရှည်နေထိုင်မှု ဗီဇာအမျိုးအစားခွဲကို ရယူနိုင်ပါတယ်။

“အလုပ်တွေ လွတ်လွတ်လပ်လပ် ပြောင်းလဲလုပ်ခွင့်ရှိတာက တောင်ကိုရီးယား ဒါမှမဟုတ် ထိုင်ဝမ်ထက် ပိုဆွဲဆောင်မှုရှိတဲ့ အချက်ဖြစ်တယ်” လို့ Mitsubishi UFJ သုတေသနဋ္ဌာနမှ မာကိုတို ကာတိုက ပြောဆိုပါတယ်။

Ref:Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here