တာချီလိတ်မြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် ဒေသခံများ ထိခိုက်မှု မရှိစေရေး လိုက်လံ အသိပညာပေးနေ

0
181

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အသိပညာပေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ မတ်လ (၁၇)ရက် တိုင်းတာချက်အရ လေထုအရည်အသွေးမှာ ခရမ်းရောင်အဆင့် ဖြစ်ပြီး လေထုထဲတွင် လူကို အန္တရာယ်ဖြစ်စေတတ်သော ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ်များ ရောနှောပါဝင်နေ၍ လေထုညစ်ညမ်းမှု ဖြစ်ပေါ်‌နေကြောင်း သိရသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေ-းသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ နေအိမ်ပြင်ပသို့ ထွက်မည်ဆိုလျှင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန် အသိပညာပေးထားကြောင်း သိရသည်။

ထို့အပြင် မျက်စိစပ်ခြင်း ယားယံခြင်းများ ဖြစ်ပေါ်လာပါက လက်ဖြင့် မပွတ်ဘဲ သန့်စင်သော ရေစိုဝတ်ဖြင့် သုတ်ခြင်း၊ သန့်ရှင်းသောရေဖြင့် ဆေးကြောရမည်ဖြစ်သည်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားလာရပါက နီးစပ်ရာဆေးရုံ၊ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်ရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာချီလိတ်မြို့၏ လူစည်ကားရာ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် မီးသတ်ကားများဖြင့် ရေဖျန်းပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း၊ မီးခိုးမြူငွေ့အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့ကို လိုက်လံ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေ၊ မီးလောင်မှု အရေအတွက် (Fire Hotspot) ဖြစ်ပေါ်မှုလျှော့ချရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here