ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ပူတင်သာ အပြတ်အသတ် အနိုင်ရ

0
151

သမ္မတ ဗလာဒီမာပူတင်ဟာ တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ ဆိုဗီယက်ခေတ်လွန် စံချိန်မှတ်တမ်းတစ်ခုနဲ့ အပြတ်အသတ်အနိုင်ရခဲ့ပြီး ဒီအောင်ပွဲက သူ့ရဲ့ တင်းကြပ်တဲ့အုပ်ချုပ်မှုကို ဆက်လက် ခိုင်မြဲစေခဲ့ပါတယ်။

၁၉၉၉ ခုနှစ်မှာ အာဏာစရလာခဲ့တဲ့ KGB ဒုဗိုလ်မှူးကြီးဟောင်း ပူတင်အတွက် ဒီရလဒ်ဟာ အနောက်ခေါင်းဆောင်တွေအနေနဲ့ စစ်ပွဲမှာဖြစ်စေ ငြိမ်းချမ်းရေးမှာဖြစ်စေ လာမယ့်နှစ်ပေါင်းများစွာအထိ ထက်မြက်တဲ့ရုရှားကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာ အနောက်တိုင်းကို မီးမောင်ထိုးပြဖို့ ရည်ရွယ်ခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်အရ နောက်ထပ် ၆ နှစ်သက်တမ်းထမ်းဆောင်ရတော့မယ့် အသက် ၇၁ နှစ်အရွယ် ပူတင်ဟာ ဂျိုးဇက်စတာလင်ကို ကျော်ဖြတ်ကာ နှစ်ပေါင်း ၂၀၀ ကျော်ပြီဖြစ်တဲ့ ရုရှားနိုင်ငံတော်ရဲ့ သက်တမ်းအရှည်ဆုံးခေါင်းဆောင်ဖြစ်လာဖို့ရှိနေပါတယ်။

Public Opinion Foundation ရဲ့ မဲဆန္ဒရှင် စစ်တမ်းကောက်ယူမှုအရ ပူတင်ဟာ ဆန္ဒမဲ ၈၇.၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဒါဟာ ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသမိုင်းမှာ အမြင့်ဆုံးရရှိခဲ့တဲ့ မဲအရေအတွက်လို့ သိရပါတယ်။ တဖန် ရုရှားပြည်သူ့သဘောထားသုတေသနစင်တာ(VCIOM) ရဲ့ စစ်တမ်းအရလည်း ပူတင်ဟာ ဆန္ဒမဲ ၈၇ ရာခိုင်နှုန်းရရှိခဲ့တယ်လို့ဆိုပါတယ်။ ပထမဆုံး တရားဝင်ထုတ်ပြန်တဲ့ ရလဒ်တွေအရ ဒီစစ်တမ်းတွေဟာ မှန်ကန်မှုရှိနေခဲ့တယ်လို့ သိရပါတယ်။

ပူတင်အနိုင်ရမယ်ဆိုတာက သံသယဖြစ်စရာလုံး၀ မရှိပေမယ့် ထောက်ခံမှုနဲ့ မဲပေးသူဦးရေ မြင့်မားခဲ့တာကတော့ အနည်းငယ်အံ့အားသင့်စရာဖြစ်ကြောင်း ဆစ်ဒနီတက္ကသိုလ်မှ အစိုးရနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခ Graeme Gill က ပြောဆိုပါတယ်။

ပူတင်ကတော့ ပြတ်သားတဲ့ အစောပိုင်းရလဒ်တွေအရ သူ့အပေါ် “မျှော်လင့်ချက်” နဲ့ “ယုံကြည်မှု” ကို ညွှန်ပြနေတယ်လို့ ကြွေးကြော်ခဲ့ပြီး ဝေဖန်သူတွေကတော့ ကြိုတင်သတ်မှတ်ပြီးဖြစ်တဲ့ ရွေးကောက်ပွဲသဘောသဘာဝရဲ့ ထင်ဟပ်မှုသာဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here