မန္တလေးတွင် ဖြစ်ပွားလျက်ရှိသည့် မီးလောင်မှုဖြစ်စဉ်များ၌ လျှပ်စစ်မီး အသုံးပြုရာမှဖြစ်ပွားသည့် မီးလောင်မှုများ ပိုများလာဟုဆို

0
160

မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီဝင်ချိန်မှ စတင်၍ ဖြစ်ပွားလျက်ရှိသော မီးလောင်မှုများတွင် Power Bank အားသွင်းရာမှ အပူလွန်ကဲကာ မီးလောင်မှုများနှင့် လျှပ်စစ်မီးအသုံးပြုရာမှ ဖြစ်ပွားသည့် မီးလောင်မှုများ ပိုမိုများပြားလာကြောင်း မန္တလေးမီးသတ်အသိုင်းအဝိုင်းမှ သိရသည်။

မန္တလေးမြို့တွင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည့်အတွက် မီးဘေးကြိုတင်ကာကွယ်မှုများကို ခေတ်နှင့်အညီ ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့နယ်အဆင့် မီးသတ်အရာရှိတစ်ဦးက သတိပေး ပြောဆိုထားသည်။

ယခုနှစ်အတွင်း မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်အချို့မှာ Power Bank အားသွင်းရာမှ ဖြစ်ပွားမှုနှင့် ထမင်းပေါင်းအိုးတည်ရာမှ ဖြစ်ပွားသည်ကို စိစစ်တွေ့ရှိရကြောင်းလည်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ထို့ကြောင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းမှ ဖြစ်ပွားနိုင်သည့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အများပြည်သူကြားတွင် အသိပညာပိုမိုကျယ်ပြန့်ရရှိရန် လိုအပ်ကြောင်းလည်း သိရသည်။

ညအိပ်ချိန် မီးလောင်မှုအများစုမှာ နေ့ခင်းဘက် အသုံးပြုခဲ့သည့် လျှပ်စစ်မီးများကို မပိတ်မိခြင်းနှင့် ရုတ်တရက်မီးပျက်သွားချိန်၌ အသုံးပြုနေဆဲ လျှပ်စစ်ပစ္စည်းများကို ခလုတ်ပြန်လည်ပိတ်ရန် မေ့တတ်ရာမှ ဖြစ်ပွားသည်ကိုလည်း တွေ့ရှိရကြောင်း မီးသတ်အသိုင်းအဝိုင်းထံမှ သိရသည်။

ထို့ကြောင့် လျှပ်စစ်မီးပျက်ချိန်များတွင် သုံးလက်စ လျှပ်စစ်ပစ္စည်များနှင့် အားသွင်းထားသည့် လျှပ်စစ်ပစ္စည်းများ ပိတ်ထားရန်၊ Extension မီးဘုတ်ခုံများတွင် လျှပ်စစ်ပစ္စည်းများ စုပြုံ၍ အားသွင်းခြင်း၊ စုပြုံအသုံးပြုခြင်းများကို ရှောင်ရှားရန်၊ ညဘက်အချိန်များတွင် တစ်ညလုံး ဖုန်းအားသွင်းမှုများ power bank များကို အချိန်ကြာမြင့်စွာ အားသွင်းမှုများကို သတိပြုရန် လိုအပ်ကြောင်း မီးသတ်တပ်ဖွဲ့မှ အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here