ဝါးထွက်ကုန်များ ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင်နိုင်ရန်လက်မှု ပညာရှင်များ ပိုမို လိုအပ်နေ

0
153

မြန်မာနိုင်ငံမှ ဝါးထွက်ကုန်များ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် ဝါးလက်မှု ပညာရှင်များ ပိုမိုပေါ်ထွက်ရန် လိုအပ်နေပြီး လက်ရှိတွင် သင်တန်းများလည်း နည်းပါးနေသေးကြောင်း ဝါးစိုက်ပျိုးထုတ်လုပ်ရေး အသိုင်းအဝိုင်းမှ သိရသည်။

“ကမ္ဘာမှာဝါးပစ္စည်းက တော်တော်လေးတွင်ကျယ်တယ်။ ဥရောပဘက်မှာဆိုရင် မလေးရှားကနေ ပို့တဲ့ ဝါးပစ္စည်းက တော်တော်လေး ရောင်းရတယ်။ ကျွန်မတို့က တွင်တွင်ကျယ်ကျယ် မလုပ်နိုင်သေးဘူး” ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအစုအဖွဲ့ မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံတွင် ဝါးလက်မှုလုပ်ငန်းများ ပိုမိုတွင်ကျယ်လာရန်အတွက် သင်တန်းများလိုအပ်ပြီး ဝါးများကို စနစ်ကျ ထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာ့ဝါးထွက်ကုန်များကို တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊  နယ်သာလန်၊  ပါကစ္စတန်၊ စင်ကာပူ၊ ဗီယက်နမ်၊  အီတလီ၊  တရုတ် (တိုင်ပေ) နှင့် ဗြိတိန် စသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရှိ ပုဂ္ဂလိက ဝါးစိုက်တောင်သူများအား ဝါးစိုက်ခင်းများကို စက်မှုကုန်ကြမ်းစိုက်ခင်းများအဖြစ် တည်ထောင်စိုက်ပျိုးခွင့်ပြုထားပြီး ဝါးတောများ ပျက်စီးပြုန်းတီးမှုမရှိစေရန် သစ်တောဥပဒေဖြင့် ကာကွယ် ထိန်းသိမ်းလျက်ရှိကြောင်းလည်း သိရသည်။

ပြည်တွင်း၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်  နိုင်ငံတော်မှ ကူညီဆောင်ရွက်လျက်ရှိရာ သစ်တောဦးစီးဌာန အနေဖြင့်လည်း သစ်တောထွက်ပစ္စည်းများကို အချောထည်များပြုလုပ်၍ ပြည်ပသို့တင်ပို့နိုင်စေရန်နှင့် ပုဂ္ဂလိက စက်မှုကုန်ကြမ်းဝါးစိုက်ခင်းများ တည်ထောင်နိုင်စေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here