အာဆီယံ – ဂျပန်စင်တာမှ Seed Fund နှင့် Training အတွက် ပုသိမ်မြို့မှ ကျောင်းသား/သူ (၄)ဦး ရွေးချယ်ခံခဲ့ရ

0
169

အာဆီယံ – ဂျပန်စင်တာမှ Seed Fund နှင့် Training ရရှိနိုင်ရေးအတွက် လျှောက်ထားခဲ့သည့် အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြားရှိ လူငယ် (၁၀၀) ဦးအနက် (၃၇) ဦး၏ စီမံကိန်း (၁၁) ခုကို အပြီးသတ်ရွေးချယ်ခဲ့ရာ ပုသိမ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄)ဦး ရွေးချယ်ခံခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသ ည်။

အာဆီယံ-ဂျပန် 1st ASEAN-Japan Young Environmental Leaders Symposium ကို Inspiring Change, Creating Impact ခေါင်းစဉ်ဖြင့် မတ်လ (၁၅)ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Bellesalle Onarimon Ekimae ခန်းမ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ Socio-Cultural Community Pillar ၏ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူ H.E. Ekkaphab Phanthavong က အွန်လိုင်းမှ ပါဝင်မိန့်ခွန်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ၊ Ministry of Environment ၊ Marine Environment Division ၏ ဒါရိုက်တာဖြစ်သူ Mr. Michihiro Ooi က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ လူငယ်များအနေဖြင့် ၎င်းတို့နေထိုင်ရာ ရပ်ရွာဒေသအတွင်းနှင့် ပင်လယ်ပြင်ရှိ ပလပ်စတစ် စွန့်ပစ်အမှိုက်များ ကင်းစင်စေရေးအတွက် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အာဆီယံ – ဂျပန်စင်တာမှ Seed Fund နှင့် Training ရရှိနိုင်ရေး လျှောက်ထားခဲ့သည့် အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြားရှိ လူငယ် (၁၀၀) ဦးအနက် (၃၇) ဦး၏ စီမံကိန်း (၁၁) ခုကို အာဆီယံ-ဂျပန်စင်တာမှ အပြီးသတ် ရွေးချယ်ခဲ့ရာ စီမံကိန်းများအနက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄)ဦး ဖြစ်သည့် မောင်မင်းသန့်၊ မနှင်းဝင့်ထယ်၊ မကြည်စင်သန့်၊ မဖူးပွင့်အောင်တို့၏ Stay Aquatic စီမံကိန်းမှ ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

အာဆီယံ-ဂျပန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူငယ်ဦးဆောင်သူများ၏ ပထမအကြိမ် ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ရွေးချယ်ခံခဲ့ရသည့် ကျောင်းသား/ ကျောင်းသူ (၃၇) ဦး၏ Project (၁၁) ခုကို ရှင်းလင်းပြသခဲ့ကြောင်းလည်း သိရသည်။

ယခု စီမံကိန်းသည် အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သကဲ့သို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေးဆွဲချမှတ်ခဲ့သည့် Joint Vision Statement on ASEAN-Japan Friendship and Cooperation အရ အာဆီယံနှင့်ဂျပန်အကြား ပူးတွဲအကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ အာဆီယံ-ဂျပန် စင်တာမှ တာဝန်ရှိသူများ၊ စီမံကိန်းအတွက် ရွေးချယ်ခံခဲ့ရသည့် ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here