အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီနှင့် ကုလသမဂ္ဂတို့ တွေ့ဆုံဆွေးနွေး

0
118

ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အရှေ့တောင်အာရှဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီနှင့် ကုလသမဂ္ဂတို့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံဥက္ကဋ္ဌ လာအိုအမြဲတမ်းကိုယ်စားလှယ် H.E. Bovonethat Douangchak ဦးဆောင်၍ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ မတ်လ (၁၅)ရက်က ကျင်းပခဲ့သည့် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီနှင့် ကုလသမဂ္ဂတို့တွေ့ဆုံပွဲ (ASEAN-United Nations Interface) သို့ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီအဖွဲ့ဝင်များ၊ ကုလသမဂ္ဂဘက်မှ ကိုယ်စားလှယ်များနှင့်အတူ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ကိုယ်စားလှယ်များအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမှ ဖြစ်ပေါ် တိုးတက်မှုများအပေါ် အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည့်အပြင် အာဆီယံအသိုက်အဝန်း ဖော်ဆောင်ရာ၌ ဖြစ်ပေါ်တိုးတက်မှုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အရှေ့တောင်အာရှဒေသအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အာဆီယံအသိုက်အဝန်းမဏ္ဍိုင် ၂၀၂၅ (ASEAN Community Vision 2025) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပန်းတိုင်များ ၂၀၃၀ (2030 Agenda for Sustainable Development) တို့ကို အကောင်အထည်ဖော်ရာ၌ အပြန်အလှန် လိုက်လျောညီထွေမှု ရှိစေရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲမှာ အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံဖြစ်သည့် အာဆီယံ – ကုလသမဂ္ဂ လုပ်ငန်းအစီအစဉ် (ASEAN-UN Plan of Action) အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်ရန်အတွက် နှစ်စဉ်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here