မိုးမောက်နှင့် မြို့သစ်တိုက်ပွဲများကြောင့် ဒေသခံများ ဗန်းမော်မြို့သို့ ယနေ့အချိန်အထိ စစ်ရှောင်နေရဆဲ ဟုဆို

0
126

စစ်ရှောင်လမ်းခရီးတွင် ယားနာများဖြစ်ကြ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်ရှိ တိုက်ပွဲများကြောင့် ဒေသခံများ ဗန်းမော်မြို့ပေါ်သို့ ယနေ့အချိန်အထိ စစ်ရှောင်နေကြရကြောင်း ဒေသတွင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

မိုးမောက်နှင့် မြို့သစ်ရှိ ဒေသခံစစ်ရှောင် အများစုမှာ ဗန်းမော်မြို့ပေါ်သို့ ရှောင်တိမ်းနေကြပြီး၊ စစ်ရှောင်အရေအတွက် မည်မျှရှိမည်ကို လက်ရှိအချိန်တွင် မသိရသေးကြောင်း ဆိုသည်။

ယခု မတ်လ (၁၅)ရက်ကလည်း မိုးမောက် မြို့နယ် (၁၉)မိုင်ရှိ တိုက်ပွဲရှောင်မိသားစုဝင် (၂၀)ဦးကို ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများက အရေးပေါ် သွားရောက် ခေါ်ဆောင်ခဲ့ရကြောင်း သိရသည်။

“စစ်ရှောင် အားလုံးအရေအတွက်တော့ အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့လည်း လျှောက်ရွှေ့ပြီး ကူညီပေးနေရတော့။ ဒီနေ့အထိလည်း ရွှေ့ပေးနေကြရတုန်း။ တိုက်ပွဲအခြေအနေက အခုအချိန်အထိ လက်နက်ကြီးသံတွေ တစ်ချက် တစ်ချက်ကြားနေရတုန်းဘဲ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ရှောင်အများစုမှာ ပူပြင်းသော ရာသီဥတုဒဏ်နှင့် စစ်ရှောင်လာကြချိန် တောတောင်အတွင်း ညအိပ်နားခဲ့ရသည့်အတွက် ယားနာများ ဖြစ်ပွားနေကြောင်း ဆိုသည်။

” ‌ကျွန်တော်တို့ ဖြစ်နေတဲ့သူတွေကို ဓာတ်ပုံရိုက်ပြီး ဗန်းမော်ဆေးရုံက ဆရာဝန်တွေဆီပို့တယ်။ အခု လိမ်းဆေးနဲ့ သက်သာတယ်လို့ပြောရမယ်”ဟု ၎င်းက ရှင်းပြသည်။

ဒေသတွင်း စစ်ရှောင်များမှာ ဗန်းမော်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့ရုံးများတွင် ခိုလှုံနေကြပြီး၊ စားနပ်ရိက္ခာနှင့် ရာသီဥတုကြောင့် ဖြစ်ပွားသော ရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here