ပူတင်ရဲ့ ရွေးကောက်ပွဲအနိုင်ကို အနောက်အုပ်စုက ရှုတ်ချခဲ့ပြီး တရုတ်နဲ့ အိန္ဒိယက ဆက်ဆံရေးပိုမိုနီးကပ်ဖို့ ကတိပြ

0
146

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲအောင်နိုင်မှုကို တရားမျှတမှုမရှိသော ဒီမိုကရေစီမဆန်တဲ့ ရလဒ်အဖြစ် အနောက်နိုင်ငံအစိုးရတွေက အသီးသီးရှုတ်ချခဲ့ကြပေမယ့် တရုတ်၊ အိန္ဒိယနဲ့ မြောက်ကိုရီးယားတို့ကတော့ အုပ်ချုပ်မှုအာဏာ နောက်ထပ် ၆ နှစ်သက်တမ်းတိုးနိုင်ခဲ့တဲ့ ရုရှားခေါင်းဆောင်အပေါ် ဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။

၂ နှစ်ကြာခဲ့ပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်စတင်ခဲ့ပြီးနောက်ပိုင်း ပထဝီနိုင်ငံရေးဆိုင်ရာ အက်ကြောင်း ပိုမိုကြီးမားလာတာကို ဆန့်ကျင်ဘက်တုန့်ပြန်လာမှုတွေက မီးမောင်းထိုးပြနေပါတယ်။ တနင်္လာနေ့မှာ ဘရပ်ဆဲလ်သို့ ရောက်ရှိလာကြတဲ့ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်ဆိုကာ ဝိုင်းဝန်းပယ်ချခဲ့ကြပါတယ်။ အီးယူဝန်ကြီးတွေဟာ ကရင်မလင် ဝေဖန်ရေးသမား အလက်ဇီ နာဗယ်နီ ညှင်းပန်းနှိပ်စက်ခံရမှု၊ ‌ေ-သဆုံးခဲ့ရမှုတွေနဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

“ရုရှားရဲ့ ရွေးကောက်ပွဲက ရွေးစရာမရှိတဲ့ ရွေးကောက်ပွဲတစ်ခုပါ” လို့ အစည်းအဝေးအစမှာ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbovk က ပြောဆိုပါတယ်။

ယူကရိန်းစစ်ပွဲကို “အထူးစစ်ဆင်ရေး” တစ်ရပ်အဖြစ် မော်စကိုက ရည်ညွှန်းခဲ့သလိုပဲ ပဲရစ်က “ရွေးကောက်ပွဲအထူးစစ်ဆင်ရေး” အဖြစ် မှတ်ယူမိတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Stephane Sejourne က ဆိုပါတယ်။ လွတ်လပ်တဲ့ ဗဟုဝါဒနဲ့ ဒီမိုကရက်တစ် ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေနဲ့ ကိုက်ညီခြင်း မရှိခဲ့ဘူးလို့ ၎င်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်ကတော့ ရွေးကောက်ပွဲရလဒ်ဟာ ရုရှားနိုင်ငံမှာ နက်ရှိုင်းတဲ့ ဖိနှိပ်မှုကို မီးမောင်းထိုးပြခဲ့တယ်လို့ ဆိုပါတယ်။ “ပူတင်က သူ့နိုင်ငံရေးပြိုင်ဘက်တွေကို ဖယ်ရှားရှင်းလင်းပစ်တယ်၊ မီဒီယာကို ထိန်းချုပ်မှုလုပ်တယ်၊ အဲဒီနောက် အနိုင်ရသူအဖြစ် သူ့ကိုယ်သူ သရဖူဆောင်းတယ်၊ ဒါက ဒီမိုကရေစီ မဟုတ်ပါဘူး” လို့ ကင်မရွန်က ပြောဆိုခဲ့ပါတယ်။

စစ်ပွဲအတွင်း သိမ်းပိုက်သွားခဲ့တဲ့ ယူကရိန်းနယ်မြေတွေမှာပါ ရုရှားက ရွေးကောက်ပွဲ လုပ်ခဲ့ခြင်းကိုလည်း ပြင်သစ်၊ ဗြိတိန်နဲ့ အခြားနိုင်ငံတွေက ပြစ်တင်ရှုတ်ချမှုလုပ်ခဲ့ကြပါတယ်။

ကရင်မလင်ကတော့ ယင်းကဲ့သို့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး သုံးရက်ကြာ ရွေးကောက်ပွဲအတွင်း ပူတင်က ဆန္ဒမဲ ၈၇ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ခြင်းဟာ ရုရှားလူထုက သူနဲ့အတူ ပေါင်းစည်းမှုရှိတယ်ဆိုတာ ပြသခဲ့ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရုရှားရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောဆိုပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ရုရှားနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုတာ ထင်ရှားပါကြောင်း တနင်္ဂနွေနေ့မှာ ပြောဆိုခဲ့ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ဆန့်ကျင်ဘက်အားဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပူတင်ကို ဂုဏ်ပြုစကားဆိုခဲ့ပြီး ယူကရိန်းကို ကျူးကျော်မှုမလုပ်ခင် ၂၀၂၂ ခုနှစ်က သဘောတူညီခဲ့ကြတဲ့ အကန့်အသတ်မရှိ မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဖို့ရာ ပေကျင်းအနေနဲ့ မော်စကိုနဲ့ နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကလည်း ရုရှားနဲ့ မဟာဗျူဟာမြောက်ဆက်ဆံမှု အားကောင်းလာစေဖို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ဟာ ရုရှားနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်ဖို့ ရည်ရွယ်တဲ့ ထွန်းသစ်စ စီးပွားရေးအုပ်စု BRICS အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။

ရုရှားကို လက်နက်တွေ ပံ့ပိုးပေးနေတယ်လို့ အနောက်အုပ်စုက စွပ်စွဲထားခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီတို့ကလည်း ပူတင်ကို ဂုဏ်ပြုခဲ့ကြပြီး မော်စကိုနဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ပိုမိုတိုးချဲ့နိုင်ဖို့အတွက် ၎င်းတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်း သိရပါတယ်။

Ref: TBS News


LEAVE A REPLY

Please enter your comment!
Please enter your name here