လောင်းကစားကိစ္စတွေနဲ့ ကင်းကင်းနေကြဖို့ စင်ကာပူရှိ သူ့နိုင်ငံသားတွေကို တရုတ်သံရုံး သတိပေး

0
140

စင်ကာပူရှိ တရုတ်နိုင်ငံသားတွေအနေနဲ့ လောင်းကစားကိစ္စတွေနဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့ တရုတ်သံရုံးက မတ် ၁၈ ရက်မှာ သတိပေးခဲ့ပြီး နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ခြင်းတွေဟာ တရုတ်နိုင်ငံဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်လို့လည်း ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားတဲ့ လောင်းကစားလုပ်ခြင်းတွေမှ ကင်းရှင်းစွာနေကြရန် စင်ကာပူရှိ တရုတ်နိုင်ငံသားများအား လေးနက်စွာ သတိပေးကြောင်း သံရုံးက ၎င်းရဲ့ တရားဝင် WeChat အကောင့်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ ကာစီနိုတွေ တရားဝင်ဖွင့်ထားတယ်ဆိုပေမယ့်လည်း နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်တဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ မိမိတို့နိုင်ငံရဲ့ ဥပဒေကို ဖောက်ဖျက်တယ်လို့ ယူဆမှာဖြစ်ပြီး ပြစ်ဒဏ်ကျခံရနိုင်တဲ့ အရေးဆောင်ရွက်မှုတွေ ကြုံရမှာဖြစ်တယ်လို့ သံရုံးက ဆိုခဲ့ပြီး တရားမဝင် လောင်းကစားချိုးဖောက်မှုတွေကို သံရုံးတွေက အကာအကွယ်ပေးနိုင်မှာ မဟုတ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

လောင်းကစားလုပ်သူတွေအနေနဲ့ အကြွေးတင်ခြင်း၊ ငွေကြေးကုန်ခမ်းခြင်းနဲ့ မိသားစုပြိုကွဲပျက်စီးနိုင်တဲ့ အန္တရာယ်တွေကြုံရနိုင်ကြောင်း သံရုံးက သတိပေးပါတယ်။ ဒါ့အပြင် နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်မှုတွေကနေ လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ပြန်ပေးဆွဲမှုနဲ့ လူမှောင်ခိုမှုတွေလို အကန့်အသတ်မရှိ တရားမဝင်လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ဆက်နွယ်သွားနိုင်ကြောင်းလည်း သံရုံးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

နိုင်ငံရပ်ခြားမှာ ကာစီနိုလောင်းကစားလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားများကို သိရှိသူတွေ သို့မဟုတ် တရုတ်နိုင်ငံသားတွေကို လောင်းကစားလုပ်ဖို့ ချဉ်းကပ်သူတွေကို သိရှိပါကလည်း တရားဝင်သတင်းပို့နိုင်တဲ့ ပလက်ဖောင်းတွေမှတဆင့် ဒါမှမဟုတ် စင်ကာပူရဲတပ်ဖွဲ့ထံ တိုင်ကြားကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် လောင်းကစားနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဋ္ဌာနရဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ Lin Jian က တုန့်ပြန်ရာမှာ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က ရှင်းပါကြောင်း တရုတ်ရဲ့ အရင်းအနှီးတွေကို နိုင်ငံရပ်ခြား ကာစီနိုများမှာ မြှုပ်နှံခြင်း မပြုနိုင်သလို တရုတ်နိုင်ငံသားတွေကိုလည်း နိုင်ငံရပ်ခြားမှာ ကာစီနိုလောင်းကစားရုံတွေ ဖွင့်ခွင့်ပြုမထားဘူးလို့ သူက ဆိုပါတယ်။ ထို့အတူ နိုင်ငံရပ်ခြား ကာစီနိုတွေကလည်း တရုတ်နိုင်ငံသားတွေကို လောင်းကစားလုပ်ဖို့ သူတို့ရဲ့ နယ်မြေတွေသို့ ဖိတ်ခေါ်ခြင်းမပြုသင့်ကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here