စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသည့် ဗန်းမော်မြို့ရှိ စစ်ရှောင်စခန်းသုံးခုအတွက် ထောက်ပံ့ကူညီ

0
1019

စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသည့် ဗန်းမော်မြို့စစ်ရှောင် စခန်းသုံးခုအတွက် ယနေ့ မတ်လ(၁၉) ရက်တွင် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ကူညီပေးခဲ့ရကြောင်း သိရသည်။

ထောက်ပံ့ကူညီပေးခဲ့ရသည့် စစ်ရှောင်စခန်းသုံးခုမှာ သုံးမိုင်ရှမ်းစာပေယဥ်ကျေးမှုစခန်း၊ ရိုးကြီးသုဿန်ကျောင်းတရားရိပ်သာစခန်းနှင့်မင်းလှဘုန်းကြီးကျောင်းစခန်းတို့ဖြစ်ကြောင်း သိရသည်။

သုံးမိုင်ရှမ်းစာပေယာဥ်ကျေးမှုစခန်းမှာ စစ်ရှောင်ဦးရေ (၂၀၀) ခန့် ခိုလှုံနေသည့် Camp တစ်ခုဖြစ်ပြီး၊ ရိုးကြီးသုသာန်ကျောင်းတရားရိပ်သာ စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ (၄၀) ကျော် ခိုလှုံနေကြရခြင်းဖြစ်သည်။

အလားတူ မင်းလှဘုန်းကြီးကျောင်းစစ်‌ရှောင်စခန်း၌လည်း ခိုလှုံစစ်ရှောင်ဦးရေ (၂၀)ကျော် ရှိကြောင်း သိရသည်။

“စစ်ရှောင်အရေအတွက်က များလာတာကြောင့် အရေးပေါ်လိုတဲ့အချိန် အရေးပေါ်ကူညီတာပါ။ စားသောက်ရေးအတွက် အဓိကထားပြီး အလှူရှင်တွေလှူဒါန်းတဲ့ ဆန်၊ အားလူး၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တွေ အဓိကထားပြီးသွားရောက် ကူညီပေးတာပါ။”ဟု စစ်ရှောင်အရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်ရှိ တိုက်ပွဲများကြောင့် ဒေသခံများ ဗန်းမော်မြို့ပေါ်သို့ ယနေ့အချိန်အထိ စစ်ရှောင်နေကြရခြင်းဖြစ်သည်။

ယခု မတ်လအတွင်း မိုးမောက်မြို့နယ် နောင်လိုက်ကျေးရွာအနီး တပ်မတော်နှင့် KIA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်‌နေဖြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာရှောင်တိမ်းနေကြရသလို အရပ်သားပြည်သူအချို့ ထိခိုက်‌ေ-သဆုံးမှုများလည်းရှိကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များတွင် တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here