မွေးဖွားနှုန်းကျဆင်းမှုတွေကြောင့် တရုတ်နိုင်ငံရှိ ဆေးရုံများစွာ၏ သားဖွားဋ္ဌာနတွေ ပိတ်

0
120

ကလေးမီးဖွားပေးရမှုတွေ စံချိန်တင်ကျဆင်းလာတာကြောင့် တရုတ်နိုင်ငံရှိ ဆေးရုံအများအပြားရှိ သားဖွားဝန်ဆောင်မှုတွေကို ၂၀၂၄ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ကြပြီဖြစ်ကြောင်း နိုင်ငံပိုင် Daily Economic News က သတင်းဖော်ပြပါတယ်။

နိုင်ငံအရှေ့ပိုင်း Zhejiang နဲ့ တောင်ပိုင်း Jiangxi အပါအဝင် ပြည်နယ်များစွာက ဆေးရုံတွေဟာ သူတို့ရဲ့ သားဖွားဋ္ဌာနတွေကို ပိတ်တော့မှာဖြစ်ကြောင်း လွန်ခဲ့တဲ့ နှစ်လကတည်းက ကြေညာခဲ့ကြတယ်လို့ ရိုက်တာက ဆိုပါတယ်။

Jiangxi ပြည်နယ် ကန်ကျိုးမြို့ရှိ အမှတ် ၅ ပြည်သူ့ဆေးရုံက မီးဖွားပေးတဲ့ဝန်ဆောင်မှုတွေကို မတ်လ ၁၁ ရက်ကစလို့ ပိတ်ပင်မှာဖြစ်တယ်လို့ ၎င်းတို့ရဲ့ တရားဝင် WeChat အကောင့်မှာ ပြောဆိုခဲ့ပါတယ်။ တဖန် Zhejiang ပြည်နယ်က ကျင်းရှန်တိုင်းရင်းဆေးရုံကလည်း မီးဖွားမှုလုပ်ငန်းကို ဖေဖော်ဝါရီ ၁ ရက်ကစလို့ ရပ်ဆိုင်းကြောင်း ၎င်းတို့ရဲ့ WeChat ပေ့ချ်မှာပဲ ကြေညာခဲ့ပါတယ်။

တရုတ်ရဲ့ မူဝါဒချမှတ်သူတွေအနေနဲ့ လူငယ်စုံတွဲတွေ ကလေးယူလိုစိတ်ဖြစ်အောင် ဘယ်ပုံဘယ်နည်း တွန်းအားပေးဆောင်ရွက်မလဲဆိုတာကို ကိုင်တွယ်ဖြေရှင်းနေချိန်မှာပဲ အခုလို မီးဖွားဋ္ဌာန ပိတ်ပင်ရတာတွေ ဖြစ်လာခဲ့တာပါ။

သက်ကြီးရွယ်အိုဦးရေ လျင်မြန်စွာတိုးပွားလာတဲ့ လူ့အဖွဲ့အစည်းမှာ လူဦးရေစာရင်းဆိုင်ရာ ခေါင်းကိုက်စရာ အကျပ်အတည်းကို အာဏာပိုင်တွေ ရင်ဆိုင်လာရပါတယ်။

ကိုဗစ်-၁၉ ကြောင့် မွေးဖွားနှုန်း စံချိန်တင်ကျဆင်းပြီး သေဆုံးမှုနှုန်း မြင့်မားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ဒုတိယနှစ် အနေနဲ့ ဆက်တိုက် ကျဆင်းခဲ့ပါတယ်။ ဒီအခြေအနေက စီးပွားရေးတိုးတက်မှုအလားအလာအပေါ် ရေရှည်သက်ရောက်မှုရှိလာမယ့်အရေး တာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။

တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်ထံက လတ်တလောရရှိနိုင်တဲ့ အချက်အလက်တွေအရ သားဖွားဆေးရုံအရေအတွက်ဟာ ၂၀၂၀ မှာ ၈၀၇ ခုရှိခဲ့ရာကနေ ၂၀၂၁ ခုနှစ်မှာ ၇၉၃ ခုသို့ ကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။

မွေးကင်းစကလေး အရေအတွက် ကျဆင်းလာခြင်းကြောင့် ဆေးရုံများစွာဟာ သူတို့ရဲ့ သားဖွားမီးယပ်ဋ္ဌာနတွေကို ဆက်လည်ပတ်ဖို့ရာ မဖြစ်နိုင်တော့ကြောင်း Daily Economic News အပါအဝင် ဒေသတွင်း မီဒီယာတွေက ပြောဆိုပါတယ်။

တရုတ်နိုင်ငံက အမျိုးသမီးများစွာဟာ ကလေးထိန်းသိမ်းစရိတ်ကြီးမြင့်ခြင်း၊ အိမ်ထောင်ပြုလိုစိတ်မရှိခြင်း သို့မဟုတ် သူတို့ဟာ အဓိက ပြုစုစောင့်ရှောက်ရသူတွေအဖြစ် ရှုမြင်ကြတဲ့ အစဉ်အလာလူ့အဖွဲ့အစည်းအရ သူတို့ရဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ခေတ္တဆိုင်းငံ့ရခြင်းနဲ့ ကျားမ ခွဲခြားဆက်ဆံမှု များပြားနေဆဲရှိခြင်းတွေကြောင့် ကလေးမယူဘဲနေလေ့ရှိကြပါတယ်။

အာဏာပိုင်တွေက မီးဖွားခွင့် တိုးပေးခြင်း၊ ကလေးမွေးဖွားမှုနဲ့ အိမ်ရာထောက်ပံ့မှုတွေအတွက် ငွေကြေးနဲ့အခွန်ခံစားခွင့်တွေ ပေးခြင်းအပါအဝင် ကလေးမွေးဖွားနှုန်းမြှင့်တင်ဖို့ရာ မက်လုံးပေးမှုတွေနဲ့ အစီအမံတွေကို အကောင် အထည်ဖော်ဖို့ ကြိုးပမ်းနေကြပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here