ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စမ်းချောင်း အထက (၂) မှ ပြင်ပဖြေသူတစ်ဦး လူမှုရေးသိပ္ပံ ဘာသာရပ်အား (၇) နှစ်မြောက်အဖြစ် ဝင်ဖြေ

0
227

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ လူမှုရေးသိပ္ပံ ဘာသာရပ်အား နိုင်ငံတစ်ဝန်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကျောင်းသူ တစ်ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား တစ်ဦးတို့ ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး ရန်ကုန်မြို့မှ ကျောင်းသူ တစ်ဦးတည်းသာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

စိတ်ကြိုက် မြန်မာစာဘာသာရပ် ပါဝင်သော Stams (2) အတွဲအား ဖြေဆိုရန် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ စာစစ်ဌာန၌ စာရင်းပေးသွင်းထားသူမှာ မြန်မာစာ ဖြေဆိုသောနေ့မှစ၍ လာရောက်ဖြေဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ အသက် (၃၉) နှစ်အရွယ် ကျောင်းသူ တစ်ဦးတည်းသာ ဖြေဆိုခဲ့ကာ စိတ်ကြိုက်မြန်မာစာပါဝင်သော ဘာသာတွဲအား ခုနစ်နှစ်မြောက်အဖြစ် မလျော့သော ဇွဲလုံ့လဖြင့် ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန (၇၃) ခုတွင် မတ် (၁၁) ရက်မှစတင်၍ မတ် ၁၉ ရက်အထိ ဘာသာတွဲ (၄) မျိုးကို ဖြေဆိုလျက်ရှိရာ မတ် (၁၆) ရက်၌ ဘာသာတွဲ (၃) တွဲ ဖြေဆိုမှု ပြီးဆုံးခဲ့ပြီး မတ် (၁၈) ရက်တွင် Stams (2) အတွဲမှ လူမှုရေးသိပ္ပံဘာသာရပ်ကို စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသူတစ်ဦးတည်းသာ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၃ – ၂၀၂၄ ခုနှစ် စာသင်နှစ်သည် Grade 12 သင်ရိုးသစ်တွင် စနစ်သစ်ဖြင့် စတင်လေ့ကျင့် သင်ကြားရခြင်းဖြစ်ပြီး တက္ကသိုလ်စာမေးပွဲကို ဘာသာတွဲ (၄) မျိုးဖြင့် ဖြေဆိုရခြင်းဖြစ်သည်။

Steams (1) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝအတွဲ၊ Steams (2) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဘောဂဗေဒ အတွဲ၊ Stams (1) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ အတွဲ၊ Stams (2) တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ လူမှုရေးသိပ္ပံနှင့် စိတ်ကြိုက်မြန်မာစာ ဘာသာတွဲများဖြင့် ဘာသာတွဲ (၄)မျိုး၌ မိမိတို့နှစ်သက်ရာ ဘာသာတွဲများဖြင့် ‌ကျောင်းသား/ ကျောင်းသူများမှ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မတ်လ (၁၆) ရက်တွင် သိပ္ပံတွဲ ၊ ဝိပ္ပံတွဲနှင့် ဝိဇ္ဇာတွဲ Stams (1) အတွဲများ ဖြေဆိုမှုပြီးစီးခဲ့ပြီး ဝိဇ္ဇာတွဲ Stams (2) ဖြေဆိုမှုမှာ မတ်လ (၁၉) ရက်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၃ -၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ (၁၁) ရက်မှ (၁၉) ရက်အထိ သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာ သာတွဲများ ဖြေဆိုမှုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြေဆိုရန် စာရင်းပေးသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိသည့်အနက် လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိသည့်အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here