ချေးငွေလျှောက်ထားလိုသော ဆီစက်ပိုင်ရှင်များသတ်မှတ်ချက်၅ချက်နှင့် ကိုက်ညီပါက လျှောက်ထားနိုင်

0
140

ပြည်တွင်းရှိ ဆီစက်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီပါက ချေးငွေလျှောက်ထားနိုင်ကြောင်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာမှုရှိသောချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကိုလျှေယက်ထားလိုပါက
(က) လက်ရှိ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက် ဖြစ်ရမည်၊
(ခ) လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ)ရရှိရမည်၊
(ဂ) ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာ မြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်၊
(ဃ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိ ချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ ရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပြီး
(င) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက် လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ (၁) လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ (Working Capital) အတွက်ချေးငွေ အနည်းဆုံးကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိ၊ (၂) မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေ – အနည်းဆုံး ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ် သိန်း ၃၀၀၀ အထိ၊ (၃) ကျပ်သိန်း ၃၀၀၀ အထက်ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရန် ဖြစ်ကြောင်း သိရသည်။

ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလမှာ လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ ချေးငွေသက်တမ်း(၁)နှစ်၊ မတည်ရင်းနှီးငွေ ချေးငွေသက်တမ်း (၃) နှစ် ၃ ရစ်ဆပ်၊ ချေးငွေအတိုးနှုန်း ၁ နှစ်လျှင် (၅%) ဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည်ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့် မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here