မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ နှင့် ဘရာဇီးလ်နိုင်ငံ၏ ဝါရင့်အကြံပေးအဖွဲ့ တို့ အကြား MOU သက်တမ်းတိုးမြှင့်ရေး ဆွေးနွေး

0
126

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် ဘရာဇီးလ်နိုင်ငံ၏ ဝါရင့်အကြံပေးအဖွဲ့ FUNAG တို့ အကြား ၂၀၁၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေး ကိစ္စရပ်များကို မြန်မာသံအမတ်ကြီးနှင့် ဘရာဇီးလ်နိုင်ငံ FUNAG ၏ ဥက္ကဋ္ဌတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

ဘရာဇီးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့် ဘရာဇီးလ်နိုင်ငံ၏ ဝါရင့်အကြံပေးအဖွဲ့ Funda ção Alexandre de Gusmão (FUNAG) ၏ ဥက္ကဋ္ဌ ဖြစ်သူ သံအမတ်ကြီး Marcia Loureiro တို့ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးဌာန၌ မတ် (၁၉) ရက် နံနက် (၁၁) နာရီတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ရှုထောင့်မျိုးစုံမှ လေ့လာဆန်းစစ်နိုင်ရေးအတွက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် ဘရာဇီးလ်နိုင်ငံ၏ ဝါရင့်အကြံပေးအဖွဲ့ FUNAG တို့ အကြား ၂၀၁၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် သံတမန်နည်းလမ်းသွယ် -၂ (Track II Diplomacy) ယန္တရားမှ တဆင့် နှစ်နိုင်ငံ နိုင်ငံခြားရေး မူဝါဒများ ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ ပူးတွဲနှီးနှောဖလှယ်ပွဲများနှင့် စာတမ်းဖတ်ပွဲများ ကျင်းပရေး၊ သုတေသနစာတမ်းများ အတူတကွ ပြုစုထုတ်ဝေရေးစသည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် FUNAG အဖွဲ့အား ၁၉၇၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ၂၀၁၃ ခုနှစ်တွင် ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ 

၎င်းအဖွဲ့မှ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးခြင်း၊ ကျယ်ပြန့်သော သံတမန်ရေးရာ သုတေသနစာတမ်းများ ထုတ်ဝေခြင်းနှင့် ကမ္ဘာ့မျက်နှာစာတွင် ဘရာဇီးလ်နိုင်ငံ၏ ရပ်တည်ချက် လွှမ်းခြုံမှု ရှိလာစေရန် ညီလာခံများနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းစသည့် လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသည့် ဝါရင့်အကြံပေးအဖွဲ့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here