နေရစွမ်းအင်ဖြင့် ဓာတ်အား ထုတ်လုပ်ရာတွင်ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ (၁၇) ရာခိုင်နှုန်းအထိ ပါဝင်နိုင်ရေးလုပ်ဆောင်နေ

0
110

နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရေးဆွဲထားသော National Electricity Master Plan (၂၀၁၄) အရ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ (၁၇) ရာခိုင်နှုန်းအထိပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။

တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၉)ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စွမ်းအင် အရင်းအမြစ်ပေါင်းစုံမှ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာ နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အား ထုတ်လုပ်ခြင်းသည် တည်ဆောက်မှုကာလ တိုတောင်း၍ နိုင်ငံတော်အတွက် လိုအပ်သည့် ဓာတ်အားကို ကာလတိုအတွင်း ထုတ်လုပ်ပေးနိုင်မည့်အပြင် မိမိတို့ဝန်ကြီးဌာနမှ ရေးဆွဲထားသော National Electricity Master Plan (၂၀၁၄) အရ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ (၁၇) ရာခိုင်နှုန်းအထိ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့အပြင် သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အား ထုတ်လုပ်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။ 

ထို့သို့ ဆောင်ရွက်ရာတွင်လည်း နှစ်ဦးနှစ်ဖက် အကျိုးရှိစေရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကိုလည်း ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း၍ ဝိုင်းဝန်း ကြိုးပမ်းဖြေရှင်းဆောင်ရွက်သွားခြင်းဖြင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လုပ်ငန်းအခက်အခဲများကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း (၁၁)ခုမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here