ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများ စတင်ပြုပြင်

0
192

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန် ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေပြားများ ပြန်လည်ပြုပြင်၍ ရွှေမိုက်ထုတ်ယူနိုင်ရေး လုပ်ငန်းများကို မတ်လ (၂၀)ရက်က စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး ကြာမှောက်၊ ကြာလှန်နှင့် ရွဲလုံးကြီးများရှိ ရွှေစင်၊ ရွှေပြားများ ပြန်လည်သန့်စင်၍ ရွှေသင်္ကန်းကပ်လှူမည်ဖြစ်ရာ ပျက်စီးယိုယွင်းနေသည့် ကြေးပြားများပေါ်မှ ရွှေစင်၊ ရွှေသားများ ပြုပြင်၍ ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသိန်းအောင်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံစေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း (၂၆၀၀၀) ဖြင့် ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် နှစ်လက်မပတ်လည် မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here