ဝေဖန်မှုတွေကြောင့် ထိုင်းဝန်ကြီးချုပ်က ပြည်ပခရီးသွားရောက်မှုများကို နှစ်လကြာ ရပ်နားထားမည်

0
138

ထိုင်းဝန်ကြီးချုပ် ဆရက်သာ ထဝီဆင်းဟာ သူ့ရဲ့ ပြည်ပခရီးသွားလာမှုတွေ များပြားလှတဲ့အပေါ် အများပြည်သူရဲ့ ဝေဖန်မှုတွေရှိလာတာကြောင့် ပြည်ပခရီးစဉ်တွေကို နှစ်လကြာ ရပ်နားထားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

“သင်တို့ရဲ့ မှတ်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ မတ် ၁၄ ကနေ မေလ ၁၅ အထိ ကျွန်တော် ပြည်ပခရီးသွားရောက်တော့မှာ မဟုတ်ပါဘူး” လို့ သူက X မှာ ပို့စ်တင် ပြောဆိုခဲ့ပါတယ်။

ဆရက်သာဟာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာရေးအတွက် သူ့ရဲ့ ၆ လကြာ ဝန်ကြီးချုပ်သက်တမ်းကာလရဲ့ သုံးပုံတစ်ပုံခန့်ကို ပြည်ပခရီးထွက်ရင်း ကုန်ဆုံးခဲ့ပါတယ်။ တလောကပဲ သူဟာ ဘာလင် ခရီးသွားကုန်စည်ပြပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့ ကမ္ဘာပတ်စည်းရုံးမှုတွေဟာ မြို့ပြလေထုညစ်ညမ်းမှုလို ပြည်တွင်းရေးကိစ္စတွေအပေါ် အာရုံစိုက်ဖို့ရာ ပျက်ကွက်မှုဖြစ်စေခဲ့ပါတယ်။

“ဝန်ကြီးချုပ်တစ်ယောက်ရဲ့ ၆ လ သက်တမ်းအတွင်း ပြည်ပနိုင်ငံ ၁၆ နိုင်ငံကို သွားရောက်ခဲ့တာက စံချိန်သစ်ပါပဲ” လို့ အထက် လွှတ်တော်အမတ် ဆွမ်ချိုင်း ဆီဝမ်ကန်က ပြောခဲ့ပြီး ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ဘာရလဒ်တွေများ ထွက်လာပါသလဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် Prachachart Thurakij သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် ဆိုရာကူးလ် အဒူလ်ရာနွတ်ကလည်း မစ္စတာ ဆရက်သာအနေနဲ့ ပြည်တွင်းရေးကိစ္စတွေကို ပိုမိုဂရုပြုပေးဖို့၊ လေထုညစ်ညမ်းမှုတွေပေါ်ပေါက်နေတဲ့ မြောက်ပိုင်းဒေသတွေမှာ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်တွေကို သွားရောက်စစ်ဆေးတာတွေလုပ်ဖို့ ဆောင်းပါးရေးသား တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

Ref: Nikkei Asia, ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here