ပုပ္ပားတောင်အမျိုးသားအဆင့်မှ ကမ္ဘာ့အဆင့် ဘူမိဥယျာဉ် သတ်မှတ်ခံရရေးအားလုံး ပူးပေါင်း ​ဆောင်ရွက်​ပေး

0
163

ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်သည် ကမ္ဘာ့အဆင့် ဘူမိအမွေအနှစ်၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ထူးခြားရှားပါးသော ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်အတွက် ဆက်စပ် ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အမျိုးသားအဆင့် ဘူမိဥယျာဉ်မှတဆင့် ကမ္ဘာ့အဆင့် ဘူမိဥယျာဉ် သတ်မှတ်ခံရရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက ပြောကြားခဲ့သည်။

မတ်လ(၂၀)ရက်တွင် ပြုလုပ်သည့် ပုပ္ပားတောင် အမျိုးသား ဘူမိဥယျာဉ်ဖွင့်ပွဲ အခမ်းအနားတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘူမိဥယျာဉ် (Geopark) သည် ဘူမိအမွေအနှစ်များ၊ဇီဝမျိုးစုံ မျိုးကွဲများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ၊ လူနေမှုဓလေ့ထုံးတမ်းများ၊ ဒေသထွက်ကုန်များနှင့် ရေမြေ တောတောင်သဘာဝအလှတို့ကို စနစ်တကျ ထိန်းသိမ်းကာကွယ်ထားပြီး ပညာပေးရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စနစ်တကျ စီမံအုပ်ချုပ်ထားသည့် နိုင်ငံအဆင့်အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း၊ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်ကို ဘူမိနယ်မြေ (၁၅) ခုနှင့် ဖွဲ့စည်းထားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာတအမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်နှင့် ထူးခြားသော ဘူမိသွင်ပြင်များကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်း လျက်ရှိကြောင်း ၎င်းကဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံဧရိယာ၏ (၁၀) ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉) ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပထမခြေလှမ်းအနေဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ဆက်လက်၍ အလားအလာရှိသော သယံဇာတပေါကြွယ်ဝပြီး ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိရာနေရာများကိုလည်း ဘူမိဥယျာဉ်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here