ပြည်သူများ၏ နှစ်စဉ် ထင်းလိုအပ်ချက်မှာ ကုဗတန် (၁၇) သန်း ခန့်ရှိဟုဆို

0
165

မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ပြီး ထင်း၊ မီးသွေးကို အဓိက လောင်စာအဖြစ် သုံးစွဲလျက်ရှိရာ ကျေးလက်နှင့် မြို့ပြပြည်သူများ၏ နှစ်စဉ် ထင်းလိုအပ်ချက်မှာ ကုဗတန် (၁၇) သန်း ခန့် ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြောကြားချက်အရ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)တို့ ပူးပေါင်း၍ တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထင်းလောင်စာ လိုအပ်ချက် မြင့်မားလာခြင်းသည် သစ်တောသယံဇာတ ရေရှည်တည်တံ့စေရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက တွေ့ကြုံရသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန အနေဖြင့် ၁၉၉၇ ခုနှစ်မှ စတင်၍ ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ရေး၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

ယခုစီမံကိန်းအား အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီး ဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center – CCC နှင့် ပူးပေါင်း၍ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအသေးစား သန့်ရှင်းသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ရန် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၂၀၁၈ ခုနှစ်မှ စတင်၍ စီမံကိန်းကာလ (၆)နှစ်သတ်မှတ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကာလအတွင်း ခရိုင် (၆) ခုရှိ ကျေးရွာ ၁၁၀၉ ရွာ၊ အိမ်ထောင်စု ၂၁၈၆၇၈ စုသို့ ထင်းလောင်စာသုံးစွဲမှု ၄၀ ရာခိုင်နှုန်း ချွေတာနိုင်သော စွမ်းအားမြှင့်မီးဖို ၅၀၀၀၀၀ ဖြန့်ဝေရန် လျာထားကြောင်း သိရသည်။

စီမံကိန်း ကာလအတွင်း လက်ရှိကာလအထိ စွမ်းအားမြှင့်မီးဖို ၄၃၈၀၀၀ ကျော် ဖြန့်ဝေပြီးဖြစ်သည့်အတွက် ကာဗွန်ထုတ်လွှတ်မှု တန် ၄၈၅၀၀၀ ကျော် လျှော့ချနိုင်ခဲ့ကြောင်း လည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here