ရှမ်းအရှေ့နယ်စပ်ကုန်သွယ်မှုတန်ဖိုးများယခင်နှစ်ထက်တိုး၊တာချီလိတ်စခန်းတွင်$ ၁၄ သန်းကျော်တိုး၊ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးဂိတ်တွင်$ ၆၃ သန်းကျော်တိုးလာ

0
140

ရှမ်းပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုပြတ်လပ်မှုမရှိစေရန် ကုန်စည်များအား လက်ရှိတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် တောင်ကြီး-ကျိုင်းတုံ- တာချီလိတ်လမ်းပိုင်းမှတဆင့် ပြောင်းနှင့်သစ်သီးဝလံများကိုတင်ပို့လျက်ရှိပြီး အဆိုပါ လမ်းကြောင်းမှ ကုန်သွယ်မှုသည် ယခင်ထက် ပိုတိုးလာကြောင်း သိရသည်။

” အခုက အဲဒီလမ်းကြောင်းပဲရှိတာ။ အရင်တုန်းက မူဆယ်တို့ ချင်းရွှေဟော်တို့က အများဆုံးသွားတာလေ။ အခုတော့ မူလထက် တိုးလာတယ်။ ကုန်စည်စီးဆင်းမှုပြတ်လပ်မှုမရှိအောင် အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းကပြောသည်။

တာချီလိတ်နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်ရာမှ ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ ၁၅၅ ဒသမ ၄၁၃ သန်းရရှိထားပြီး ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ကန်ဒေါ်လာ ၁၄၁ ဒသမ ၃၁၀ သန်းကုန်သွယ်မှုပြုလုပ်ထားကာ ကန်ဒေါ် လာ ၁၄ သန်းကျော် တိုးလာကြောင်း သိရသည်။

အလားတူ ရှမ်းအရှေ့၌ ပင်ရှိသည့် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၁၀ ဒသမ ၁၄၄ သန်းရရှိထားပြီး အလားတူကာလတွင် ကန်ဒေါ်လာ ၁၁ သန်းသာကုန်သွယ်မှုပြုလုပ်ထားသည့်အတွက် ကန်ဒေါ်လာ ၆၃ သန်းကျော်တိုးလာကြောင်း စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here