ရေကိုစနစ်တကျ စီမံခန့်ခွဲနိုင်ရန် အမျိုးသားအဆင့် ရေအရင်းမြစ်ကော်မတီနှင့် အမျိုးသားရေ ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းရန်စီစဉ်နေ

0
160

နိုင်ငံတကာက ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို နမူနာယူပြီး မြန်မာနိုင်ငံအနေဖြင့် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ”ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ရေဆိုင်ရာကဏ္ဍစုံကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့် ရေကဏ္ဍ အားလုံးကို လွှမ်းခြုံသည့် “အမျိုးသားရေ ဥပဒေ”တစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မတ်လ (၂၂) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရေစီမံခန့်ခွဲမှုသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်၊ ဇီဝမျိုးစုံ မျိုးကွဲများကို ကာကွယ်ရန်၊ ရေညစ်ညမ်းမှုများကို တားဆီးရန်နှင့် ရေဆိုင်ရာ ပဋိပက္ခ ဖြေရှင်းရန်စသည့် ပန်းတိုင်များစွာကို ရောက်ရှိစေနိုင်မည့် အရေးကြီးသည့် အခြေခံခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒများနှင့် ဥပဒေများ ဖော်ဆောင်ချမှတ်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ် တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ အိမ်သုံးရေတိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့အတွက် ဘက်စုံရေစီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

နိုင်ငံတစ်ဝန်း၌ တည်ဆောက်ထိန်းသိမ်းထားရှိသည့် ရေလှောင်တမံ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန်၇၂ခု၊ ရေ တံခါး ၁၉၉ ခု နှင့် မြစ်ရေတင်လုပ်ငန်း၂၁၉ ခု ရှိပြီး စိုက်ပျိုးရေပေးဝေခြင်း၊ သောက်သုံးရေပေးဝေခြင်းနှင့် အချို့ရေလှောင်တမံများတွင် ရေအားလျှပ်စစ်ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဥက္ကဋ္ဌက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် နိုင်ငံ၏ အဓိကမြစ်ကြီး (၄) စင်း ဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်နှင့် အခြားမြစ်ချောင်းများမှ ရေကိုစုပ်တင်ပြီး စိုက်ပျိုးရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည့် မြစ်ရေတင်စီမံကိန်း စုစုပေါင်း ၃၉၀ ရှိပြီး စိုက်ပျိုးရေပေးဝေနိုင်သည့် မြေဧရိယာဧက ခုနှစ်သိန်း ငါးသောင်း နီးပါးရှိကြောင်း သိရသည်။

ထို့အပြင် မြေအောက်ရေတွင်းများ တူးဖော်ပြီး စိုက်ပျိုးရေ ပေးဝေခြင်း လုပ်ငန်း ၁၄,၉၈၉ ခု ကနေ စိုက်ပျိုးမြေဧရိယာဧက ကိုးသိန်းသုံးသောင်းနီးပါးကို ရေပေးဝေလျက်ရှိကြောင်းလည်း သိရသည်။

မိမိတို့နိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍသည် ရေချိုသုံးစွဲမှုအများဆုံးဖြစ်ပြီး ၈၉ ရာခိုင်နှုန်းကို သုံးစွဲလျက်ရှိနေသောကြောင့် ရေအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲနိုင်ရေးသည် နိုင်ငံအတွက် အရေးပါသည့်ကဏ္ဍတစ်ရပ် ဖြစ်လာကြောင်းလည်း နစက ဥက္ကဋ္ဌက ထောက်ပြပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here