တရုတ်ဈေးကွက်သို့ အုန်းချိုမွှေးတင်ပို့နိုင်ရန် GACC လက်မှတ်ရရှိရေး ဆောင်ရွက်မည်

0
116

တရုတ်ဈေးကွက်သို့ အုန်းချိုမွှေးတင်ပို့နိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ လက်မှတ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အက်ခ်ကမက်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော အလားအလာရှိသည့် ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တလျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း၏ ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများစာရင်းတွင် အုန်းသီးနှင့်ထုတ်ကုန်များကိုထည့်သွင်း၍ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း စီမံချက်များတွင်လည်း ထည့်သွင်းထားကြောင်း၊ အုန်းချိုမွှေးကို အရေအတွက်များစွာ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အုန်းသီးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းလက်မှတ် (Good Agricultural Practices – GAP) ရရှိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်ဈေးကွက်သို့ အုန်းချိုမွှေးတင်ပို့နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ လက်မှတ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here