ပြည်တွင်းရွှေဈေး ၄၂၂၅၀၀၀ ကျပ်သို့ ရောက်လာ

0
170

ကျပ်(၄၁) သိန်းကျော်ဖြင့် ရက်အတော်ကြာ ဈေးနှုန်းငြိမ်နေသည့် ပြည်တွင်း ရွှေဈေးနှုန်းမှာ မတ်လ (၂၁) ရက် နံနက်ပိုင်းမှ စတင်ကာ ၄၂ သိန်းအထက်သို့ ရောက်ရှိလာပြီး ယနေ့ မတ်လ (၂၃) ရက် နံနက်ပိုင်းတွင် ၄,၂၂၅,၀၀၀ ကျပ်သို့ ရောက်ရှိလာကြောင်း ပြည်တွင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

မတ်လ (၂၀) ရက် ညနေ ဈေးကွက်ပိတ်ချိန်က ၄,၁၅၀,၀၀၀ ကျပ်သာ ရှိခဲ့ပြီး (၃) ရက်တွင်း ကျပ် (၇၀၀၀၀) ကျော် ထပ်မံမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းအထိ ကျပ်သိန်း (၄၀) အောက်တွင်သာ ရှိခဲ့သည့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာ စံချိန်တင်မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေးနှင့်အပြိုင် မတ်လ ဒုတိယပတ်မှစတင်ကာ သိန်း(၄၀) အထက်သို့ ရောက်ရှိလာခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ ပြည်တွင်းရွှေဈေးမြင့်တက်နေမှုမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့်အပါအဝင် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့်လည်း သက်ဆိုင်နေပြီး လတ်တလောတွင် ရွှေဈေး ပြန်ကျမည့်အခြေအနေမရှိနိုင်သေးဟုထင်မြင်မိကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူအချို့က သုံးသပ်သည်။

” ရွှေဈေးဆိုတာ မြန်မာပြည်တစ်ခုတည်းနဲ့ တည်မှီနေတာမဟုတ်ဘူးလေ။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့လည်း တည်မှီနေတာပေါ့နော်။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာကလည်း အတက်သဘောကို ဆောင်နေတယ်လေ။ အဲဒါကြောင့်အတက်မှာပဲ ရှိနေဦးမှာပေါ့နော်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်ရွှေအသင်းမှ ရွှေလုပ်ငန်းရှင်များနှင့် အစည်းအဝေးပြုလုပ်ကာ အသင်းမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် ယင်းကဲ့သို့ မလုပ်နိုင်ပါက အရောင်းအဝယ်ရပ်ထားရန် ညွှန်ကြားထားသည်။

ယင်းညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဆိုပါက တရားမဝင်ဈေးကွက်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

” သက်ဆိုင်ရာ ဌာနတွေက ဒီလောက်ပဲ ရောင်းရမယ်ဆိုတာက သူတို့ရဲ့ စကား ၊ ဒီလောက်ပဲရောင်းရမှဖြစ်တဲ့အတွက် တရားဝင်လုပ်ကိုင်နေကြတဲ့သူတွေက ဒီလောက်မှ မဟုတ်ရင် မရောင်းဘူးပေါ့နော်။ အဲဒီတော့ တရားဝင်ဈေးကွက် မရှိဘူး။ တရားဝင်ဈေးကွက်မရှိရင် တရားမဝင်တဲ့ဈေးကွက် သူ့ဟာသူ အလိုလိုပေါ်လာနိုင်တယ်ပေါ့နော်” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွှေဈေးနှုန်းများအနေဖြင့် အတက်အကျ ဖြစ်ပေါ်နေမည့်အစား ရွှေဈေးနှုန်း တည်ငြိမ်နေမှသာ အရောင်းအဝယ်ကောင်းမွန်ပြီး အလုပ်ဖြစ်နိုင်မည်ဖြစ်သော်လည်း လက်ရှိအနေအထားတွင် ရွှေဈေးနှုန်းတည်ငြိမ်ဖို့ မလွယ်ကူသေးကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်နေပြီး ယနေ့မတ်လ (၂၃) ရက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်ဆလျင် အမေရိကန်ဒေါ်လာ ၂၁၆၅ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရွှေအသင်းမှ ယနေ့ မတ်လ (၂၃) ရက် နံနက်ပိုင်း ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သား ၃၇၉၈၈၀၀ ကျပ်ဖြစ်ပြီး ပြင်ပ ဈေးကွက်တွင် တစ်ကျပ်သား ၄,၂၂၅,၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here