ပြည်ပပို့နှင့် ပြည်တွင်းသုံးပဲသီးနှံဈေးများ တစ်တင်းကျပ် ၂၀၀၀ မှ ၃၀၀၀ ကြားဈေးကျ

0
181

ပြည်ပပို့ကုန်နှင့် ပြည်တွင်းသုံး ပဲသီးနှံဈေးများ တစ်တင်း ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားဈေးကျနေကြောင်း မုံရွာကုန်စည်ဈေးကွက်မှ သိရသည်။

ပြီးခဲ့သည့် မတ်လ လယ်ပိုင်းက သီးနှံဈေးနှုန်းများထက် လက်ရှိတွင် ဈေးကျလာခြင်းဖြစ်ပြီး ၁၉ ပိသာတစ်တင်းလျင်ကျပ်၂၀၀၀ မှ ၃၀၀၀ ကျပ်အကြားဈေးကျနေခြင်း ဖြစ်သည်။

“အကုန်ဈေးကျနေတယ်။ တစ်တင်းကို၂၀၀၀ ကျတာရှိတယ်။ ၃၀၀၀ ကျတာရှိတယ်။ Exports ပဲရော ပြည်တွင်းသုံးပဲရောဈေးကျနေတာပါ။ ဈေးကွက်မှာပစ္စည်းကပေါတယ်။ ဝယ်လက်ပျောက်နေတာ”ဟု မုံရွာပဲကုန်သည် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မတ်လ (၁၆) ရက်က ပဲစဉ်းငုံအနီ တစ်တင်းလျင် ကျပ် ၁၂၁၀၀၀ ဈေးရှိနေရာမှ မတ်လ (၁၈)ရက်ကစတင်ကာ ကျပ် ၁၁၉၀၀၀ သို့ကျဆင်းခဲ့ပြီး ကုလားပဲ ၉၂၉တစ်တင်းလျင် ၈၁၀၀၀ ရှိရာမှ ကျပ် ၇၈၅၀၀ သို့ ကျဆင်းသွားကြောင်း သိရသည်။

ထို့အပြင် ပဲကြီးတစ်တင်းလျင် ကျပ် ၈၆၀၀၀ မှ ကျပ် ၈၃၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး ကျန်သီးနှံများလည်း အနည်းဆုံးကျပ် ၁၀၀၀ မှ အများဆုံးကျပ် ၃၀၀၀ အထိဈေးကျခဲ့ကြောင်း မုံရွာကုန်စည်ဈေးကွက်မှသိရသည်။

လက်ရှိတွင် မုံရွာဈေးကွက်သို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း နယ်မှကုန်အဝင်များရှိနေပြီး မုံရွာဈေးကွက်တွင် အဝယ်ပျောက်နေသော ပဲကြီးကို အများစုက မသိမ်းရဲဘဲရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here