ထိုင်ဝမ်အနီး ကျွန်းဆိပ်ကမ်းတစ်ခုကို အမေရိကန်အကူအညီမပါဘဲ ဖိလစ်ပိုင်က တည်ဆောက်သွားမည်

0
134

ထိုင်ဝမ်အနီးရှိ ဖိလစ်ပိုင်ရဲ့ မြောက်ဖက်အကျဆုံး ဝေးလံသီခေါင်ကျွန်းစုတစ်ခုပေါ် ဆိပ်ကမ်းတည်ဆောက်မှုမှာ အမေရိကန်စစ်တပ်က ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက မတ် ၂၂ ရက်မှာ ပြောဆိုခဲ့ပြီး ဒေသတွင်း အမေရိကန်ရဲ့ တည်ရှိမှုအပေါ် တရုတ်နဲ့ သဘောကွဲလွဲမှုဖြစ်လာနိုင်ခြေကို ချေဖျက်ခဲ့ပါတယ်။

ထိုင်ဝမ်ကနေ ကီလိုမီတာ ၂၀၀ နီးပါးအကွာမှာရှိတဲ့ Batanes ကျွန်းစုအုပ်ချုပ်ရေးမှူးက သူမအနေနဲ့ ဆိပ်ကမ်းသစ်တည်ဆောက်ရေးအတွက် အမေရိကန်ထံက ထောက်ပံ့ငွေရဖို့ ကြိုးစားခဲ့တယ်လို့ သြဂုတ်လမှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်သံရုံးကလည်း ကျွန်းစုအတွက် ထောက်ပံ့ရေးအစီအမံများစွာနဲ့ပတ်သက်ပြီး ၎င်းတို့ သံတမန်တွေနဲ့ အမေရိကန် ပစိဖိတ်ဆိုင်ရာတပ်ဖွဲ့ ကျွမ်းကျင်သူတွေက ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ချိတ်ဆက်ညှိနှိုင်းတာတွေလုပ်ခဲ့တယ်လို့ ယင်းအချိန်က ပြောဆိုခဲ့ပါတယ်။

ပထမမှာတော့ သူတို့က အကူအညီပေးဖို့ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ ဖြစ်မလာတော့ကြောင်း ဒါကြောင့် PPA ထံက အကူအညီတောင်းခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Marilou Cayco က ဖိလစ်ပိုင်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ PPA ကို ရည်ညွှန်းကာ ရိုက်တာကို ပြောဆိုပါတယ်။

ဆိပ်ကမ်းသစ်စီမံချက်ဟာ မြို့တော်မနီလာမှ သယ်ဆောင်လာတဲ့ ကုန်စည်တွေ မိုးရာသီကာလအတွင်း ကြမ်းတမ်းတဲ့ ပင်လယ်ပြင်အခြေအနေမှာ လက်ရှိဆိပ်ကမ်းအဆောက်အအုံတွေ လက်လှမ်းမမီတာမျိုးကြုံလာရင် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ယခုကိစ္စနဲ့ပတ်သက်ပြီး လတ်တလောမှာ မှတ်ချက်ပေးစရာမရှိသေးကြောင်း အမေရိကန်သံရုံးက မတ် ၂၂ ရက်မှာ ပြောဆိုခဲ့ပါတယ်။

Batanes ဆိပ်ကမ်းမှာ အမေရိကန်စစ်တပ် ပါဝင်ပတ်သက်မှုဟာ တရုတ်နဲ့ သဘောထားကွဲလွဲမှု ကြီးမားနေချိန်မျိုးမှာ တင်းမာမှုဆိုးရွားသွားနိုင်သလို ဝါရှင်တန်အနေနဲ့လည်း ဖိလစ်ပိုင်နဲ့ ကာလကြာရှည် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေ (တရုတ်ဘက်က သံသယဖြင့်ရှုမြင်) ကို အရှိန်မြှင့်ဆောင်ရွက်ဖို့ရာ တွန်းအားဖြစ်စေနိုင်ကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here