တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ ကတောက်ကဆဖြစ်ခဲ့ပြီးနောက် အချုပ်အခြာပိုင်နက်ကို ကာကွယ်စောင့်ရှောက်သွားမည်ဟု တရုတ် ကတိပြု

0
136

အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်မှာ နှစ်ဖက် ပြဿနာဖြစ်ပွားအပြီး နောက်တစ်ရက်မှာပဲ ဖိလစ်ပိုင်အနေနဲ့ ရန်စတဲ့လုပ်ရပ်တွေ မလုပ်ဖို့ တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတိပေးခဲ့ပြီး တရုတ်နိုင်ငံဟာ မိမိတို့ရဲ့ အချုပ်အခြာပိုင်နက်ကို စောင့်ရှောက်ကာကွယ်သွားမှာဖြစ်တယ်လို့ တနင်္ဂနွေနေ့(မတ် ၂၄) မှာ ပြောဆိုခဲ့ပါတယ်။

ပဋိပက္ခတွေကို ပြင်းထန်သွားစေနိုင်ပြီး အခြေအနေကို အရှိန်မြင့်တက်စေမယ့် အပြောအဆိုမျိုးတွေ မလုပ်ဖို့ ပိုင်နက်ချိုးဖောက်မှုတွေ၊ ရန်စတဲ့လုပ်ရပ်တွေအားလုံးကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကို မိမိတို့ သတိပေးကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်အနေနဲ့ တရုတ်နိုင်ငံရဲ့ အခြေခံသတ်မှတ်လိုင်းကို အကြိမ်ကြိမ် စိန်ခေါ်လာပါက တရုတ်နိုင်ငံက ၎င်းရဲ့ ပိုင်နက်အချုပ်အခြာနဲ့ ရေကြောင်းဆိုင်ရာအခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို အခိုင်အမာကာကွယ်ဖို့ရာ ခိုင်မာပြတ်သားတဲ့ အစီအမံတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြခဲ့ပါတယ်။

ယမန်နေ့က စပရက်တလေကျွန်းစုနဲ့ Second Thomas သောင်ခုံကျွန်းအနီးရှိ အငြင်းပွားရေပြင်မှာ ဖိလစ်ပိုင်သင်္ဘောတွေကို အရေးယူဆောင်ရွက်မှုအစီအမံတွေ လုပ်ဆောင်ခဲ့ကြောင်း တရုတ်ကမ်ခြေစောင့်တပ်က ပြောဆိုခဲ့အပြီးမှာ တရုတ်ရဲ့ ယခု ထုတ်ပြန်ချက်ထွက်လာတာဖြစ်ပါတယ်။ ဖိလစ်ပိုင်ကတော့ တရုတ်ရဲ့ ယင်းအပြုအမူဟာ တာဝန်မဲ့ပြီး၊ ရန်လိုတဲ့လုပ်ရပ်ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
     
ယင်းဖြစ်စဉ်အတွင်း တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် ကင်းစခန်းတပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာပို့ဖို့ ငှားရမ်းထားတဲ့ အရပ်ဖက်သင်္ဘောတစ်စီးကို တရုတ်ကမ်းခြေစောင့်တပ်က ရေအမြောက်နဲ့ ထိုးပက်ခဲ့မှုလည်းဖြစ်ခဲ့တယ်လို့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ဖိလစ်ပိုင်အထူးတပ်ဖွဲ့ရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here