မြန်မာအသင်း ကစားသမားအချို့ ဖျားနာနေသော်လည်း ဆီးရီးယားနှင့်ပွဲအတွက် စွမ်းဆောင်မှုကောင်းများ ရယူပေးနိုင်မည်ဟု မျှော်လင့်‌ကြောင်း နည်းပြချုပ် ဖိုင်တန်ဘိုင်နာ ပြော

0
138

မတ်လ(၂၇)ရက် မြန်မာစံတော်ချိန် နံနက် (၁)နာရီ မိနစ် (၃၀) အချိန် ယှဉ်ပြိုင်ကစားကြမည့် ဆီးရီးယား- မြန်မာပွဲစဉ်အတွက် မြန်မာအသင်းကစားသမားအချို့ ဖျားနာနေ‌ကြသော်လည်း စွမ်းဆောင်မှုကောင်းများ ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသင်းနည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာ က ပြောကြားသည်။

ယနေ့ ည ပွဲစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံတွင် ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့လက်ရွေးစင် နည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

” မနက်ဖြန် ဆီးရီးယားနဲ့ ဒုတိယအကျော့အတွက် ကျွန်တော်တို့ ပြဿနာတချို့ ကြုံတွေ့နေရပါတယ်။ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တချို့ ကစားသမားတွေ ပါဝင်ကစားနိုင်ဖို့က သံသယရှိနေရဆဲပါ။ ကံမကောင်းစွာနဲ့ပဲ တချို့ ကစားသမားတွေကလည်း ဖျားနာနေကြပြန်ပါတယ်။ ဒါကြောင့် ဖျားနာနေတဲ့သူ ဒဏ်ရာရှိနေတဲ့သူတွေကို အသုံးပြနိုင်မှာ မဟုတ်ဘူးလို့ တွေးထားပါတယ်။ နောက်ပြီး ကစားသမား တစ်ဦးကလည်း ပွဲပယ်ကြောင့် ကျန်နေခဲ့ရတယ်။ ဒါကြောင့် အခုအချိန်မှာ အသင်းက တစ်ဦးချင်း ပြဿနာတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေနဲ့ အိမ်ကွင်း ပထမပွဲမှာလိုပဲ စွမ်းဆောင်မှုကောင်းတွေ ထပ်မံရယူပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ပွဲစဉ်သည် အသင်းနှစ်သင်းစလုံးအတွက် အဝေးကွင်းပွဲစဉ်တစ်ခုဖြစ်ပြီး၊ ဆော်ဒီအားရေဗျနိုင်ငံ၊ ဒါမန်းမြို့ရှိ Prince Mohamed bin Fahd Stadium တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ (၂၁)ရက်က ရန်ကုန်မြို့ ၊ သုဝဏ္ဏအား ကစားကွင်းအတွင်း ဆီးရီးယား – မြန်မာ လက်ရွေးစင်အသင်းတို့  ပထမအကြိမ် ယှဉ်ပြိုင်ကစားကြရာ ပွဲပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here