နေပြည်တော် အပါအဝင် တိုင်းဒေသကြီး (၆)ခုနှင့် ပြည်နယ် (၄)ခုတို့တွင် ကနဦးခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဘီလီယံဖြင့်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

0
156

နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်လေးခုတို့တွင်ကနဦး ခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဘီလီယံဖြင့် အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောပြချက်အရ သိရသည်။

မတ်လ (၂၆) ရက်တွင် ပြုလုပ်သည့် နို့စားနွားမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်စေရန်နှင့် အရည်အသွေးပြည့်မီသော နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်စေရန်အတွက် နို့စားနွားမွေးမြူထုတ်လုပ်ရေးတွင် ကြုံတွေ့ရလျက်ရှိသော စိန်ခေါ်မှုများအပေါ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ နို့စားနွားမွေးမြူသူများ၊ မွေးမြူ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ မွေးမြူရေးပညာရှင်များ ဆွေးနွေးအဖြေရှာနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ စီမံကိန်းကို လျာထားရန်ပုံငွေကျပ် ၃၂ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကနဦး ရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် မျှဝေပေးခြင်းဖြင့် နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မွေးမြူလာစေရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် နို့စားနွားမွေးမြူထုတ်လုပ်မှု သိသာစွာ ပြောင်းလဲတိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမည့် ဆွေးနွေးချက်၊ သုံးသပ်အကြံပြုချက်များ ထွက်ပေါ်လာရေးအတွက် သက်ဆိုင်ရာနယ် ပယ်အသီးသီး ရှုထောင့်မျိုးစုံမှ ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စာရင်းအချက်အလက်များအရ အမေရိကန်ဒေါ်လာ ၉၆ သန်းကျော်တန်ဖိုးရှိ နို့နှင့်နို့ထွက်ပစ္စည်း တန်ချိန် ၅၃၀၀၀ ကျော်ကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းခဲ့သဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေရေး၊ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းချသူများအပါအဝင် လုပ်ငန်းကွင်းဆက်တလျှောက်တွင် ပါဝင်ပတ်သက်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဌာန၊ ပုဂ္ဂလိကနှင့် မွေးမြူရေးတောင်သူများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်းခြင်းဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here