ယူကရိန်းသို့ ဒုံးကျည်များ နှင့် ဂျာမန်တပ်များ ထောက်ပံ့ရန်ကို ဂျာမန်အဓိပတိ ထပ်မံငြင်းဆို

0
121

Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ပေးရန်နှင့် ဂျာမန်တပ်များ စေလွှတ်ရန်ကို ဂျာမန်အဓိပတိ Olaf Scholz က ထပ်မံငြင်းဆိုလိုက်သည်။

“အစိုးရခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ဥရောပမှာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးကိစ္စတွေမှာ ကျွန်တော်တာဝန်ယူရမှာဖြစ်သလို၊ ဒါက Taurus ကိစ္စနဲ့လည်း သက်ဆိုင်ပါတယ်။ ယူကရိန်းအတွက် ပြတ်ပြတ်သားသား ထောက်ခံအားပေးမှုနဲ့အတူ၊ ကျွန်တော့်အတွက် အရေးကြီးတာတစ်ခုကိုလဲ လုပ်လိုက်တာပါပဲ။ ရုရှားနဲ့ နေတိုးတို့ကြား ဖြစ်နေတဲ့ ဒီစစ်ပွဲကို တိုးမလာအောင် တားဆီးဖို့က အကောင်းဆုံးပါပဲ” ဟု Markische Allgemeine Zeitung သတင်းစာနှင့် အင်တာဗျူးတွင် ဂျာမန်အဓိပတိ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ စစ်သားတွေကို ယူကရိန်းကို ပို့မှာ မဟုတ်ပါဘူး။ လက်နက်တစ်သုတ်စီ ထောက်ပံ့ပေးပို့တာက တစ်ပိုင်းပါ။ သူ့အကန့်နဲ့သူ ကျွန်တော် စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာပါတယ်။ အဲဒါကြောင့် ကျွန်တော် ခုလို ဆုံးဖြတ်ခဲ့တာပါ” ဟု သူက အလေးအနက် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဥရောပတွင် မည်သည့်နိုင်ငံမှ ဂျာမနီကဲ့သို့ ယူကရိန်းကို ခဲယမ်းနှင့် လက်နက်များ ပံ့ပိုးမပေးခဲ့ကြောင်းကိုလည်း ဂျာမန်အဓိပတိက ပြောသည်။ “အဲဒီကိစ္စတစ်ခုတည်းအတွက် ကျွန်တော်တို့နိုင်ငံက ယူရို ၂၈ ဘီလီယံ သုံးစွဲထားပါတယ်။ တခြား နိုင်ငံများစွာထက် ပိုပါတယ်။ ဒါကို ကျွန်တော်တို့ တတ်နိုင်သလောက် ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟုလည်း Scholz က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here