ထို့ကော်ကို့းလမ်းပိုင်း လမ်းကော်မတီအစည်းအဝေး ပြုလုပ်ရန် ရှိဟု KNU/KNLA-PC တာဝန်ရှိသူပြော

0
167

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှ ဘားအံမြို့သို့ ဆက်သွယ်သွားလာနေကြရသည့် ထို့ကော်ကိုးလမ်းပိုင်း သွားလာဖြတ်သန်းခွင့် ပိတ်မည်ဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း လမ်းကော်မတီအစည်းအဝေးပြီးမှသာအသေးစိတ်ပြောနိုင်မည်ဖြစ်ကြောင်း KNU/KNLA- PC (ငြိမ်းချမ်းရေးကောင်စီ)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ထို့ကော်ကိုး – ကျော်ကို့လမ်းပိုင်းသည် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နယ်မြေအလိုက် ထိန်းချုပ်ထားသည့် လမ်းပိုင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးဘက်မှ လမ်းပိုင်းအား ပိတ်ရန်ဆုံးဖြတ်ခဲ့သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KNU ၊ KNU/KNLA-PC ၊ DK BA နှင့် BGF (ယခု KNA ဟု အမည်ပြောင်းထား)တို့ ပါဝင်သည့် လမ်းကော်မတီအစည်းအဝေးကို ယခုလကုန်ပိုင်းတွင် ပြုလုပ်ရန်ရှိနေကြောင်းလည်း ဗိုလ်မှူးကြီးစောကျော်ညွှန့်က ပြောသည်။

“လမ်းပိုင်းကိစ္စအတွက် အခုလကုန်မှာ လမ်းကော်မတီ အစည်းအဝေးရှိပါတယ်။ အဲ့ဒါပြီးတော့မှ လမ်းပိုင်းကိစ္စအသေးစိတ်ကိုပြောနိုင်မှာပါ”ဟု ၎င်းက ဆို သည်။

လက်ရှိတွင်အဆိုပါ ထို့ကော်ကိုး – ကျော်ကို့လမ်းပိုင်းအား ပုံမှန်သွားလာဖြတ်သန်းခွင့်ပြုထားဆဲဖြစ်‌ ကြောင်းလည်း သိရသည်။

” ကုန်တင်ကားတွေတော့သွားနေကြတယ်။ လူစီးသီးသန့်ကတော့ မော်လမြိုင်ဘက်ကပတ်ပြီး ဘဲဥတောင်ဘက်ကသွားကြတာ များတယ်။ ထို့ကော်ကိုးလမ်းပိုင်းက အဖွဲ့အစည်းတွေများသလို လမ်းပိုင်းလည်း အရမ်းဆိုးတာကြောင့်ပါ”ဟု ဒေသခံဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့် မြဝတီ – အာရှလမ်းမကြီးမှာ လက်ရှိအချိန်ထိ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးသည့်အတွက် ယခု ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုနေကြခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here