အလုံဘိုးတော်ကြီး နတ်ပွဲ စတင်ကျင်းပနေပြီဖြစ်ပြီး ပွဲကျင်းပရာ နန်းကြီးပေါ်သို့ ဘိုးတော်ကြီးပုံတော် ပင့်ဆောင်

0
162

မုံရွာမြို့ အလုံဘိုးတော်ကြီးနတ်ပွဲ စတင်နေပြီဖြစ်ရာ တပေါင်းလပြည့်ကျော် (၅)ရက် (မတ်လ၂၉ ရက်) တွင် (၇)ရက် သားသမီးများ အပူဇော်ခံရန် နန်းထိမ်း(၂)ဦးက ကျွဲလှည်းစီးပြီး (၃)တောင် ၊ (၃) နန်းလှည့်လည်ကာ ပွဲတော်ကျင်းပသည့်နန်းကြီးပေါ်သို့ ဘိုးတော်ကြီးပုံတော်ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

“နှစ်စဉ် လုပ်နေကျ ဓလေ့ထုံးစံတွေ အတိုင်းပူဇော်ပသကြတာပါ”ဟု ညီလာခံအနောက်ခန်း နန်းထိမ်းက ပြောသည်။

မုံရွာမြို့နယ်၊ အလုံဘိုးတော်ကြီးပွဲကို တပေါင်းလပြည့်နေ့မှစ၍ တပေါင်းလပြည့်ကျော် (၁၄)ရက် အထိ ဓလေ့ထုံးစံအတိုင်းအဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တပေါင်းလပြည့်နေ့ (မတ်လ၂၄ ရက်) နံနက်ပိုင်းက အလုံဘိုးတော်ကြီးနန်းထိမ်း (၂)ဦး၊ ဒိုးတော်ထိမ်း၊ အဆောင်တော်ကိုင်များက ချင်းတွင်းမြစ်အနောက်ဖက် ရွှေတောင်ဦးတောင်ပေါ် အလုံဘိုးတော်ကြီး တရားအားထုတ်ရာ လှိုဏ်ဂူတော်မှ (၇)ရက် သားသမီးများ အကြည်ညို၊ ကန်တော့ခံရန်သွားရောက်ပင့်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တပေါင်းလပြည့်နေ့ ညနေပိုင်းတွင် အလုံပွဲတော်ကျင်းပမည့် အပြင်နန်းကြီးတွင် ဆီမီးထွန်းပူဇော်ခဲ့ကြပြီး တပေါင်းလပြည့်ကျော် (၁) ရက် နံနက်ပိုင်းတွင် အရှေ့ခန်းတောင်ထွက်ကန္နား၊ နေ့လယ်ပိုင်းတွင် ညီလာခံအနောက်ခန်းတောင်ထွက်ကန္နားပေးခဲ့သည်။

တပေါင်းလပြည့်ကျော် (၂)ရက်တွင် အလုံဘိုးတော်ကြီး၏ သမီးတော် တောင်ကန်ရှင်မကြီးကိုညီလာခံအနောက်ခန်းကသွားရောက် ပူဇော်ခဲ့ပြီး (၃)ရက်နေ့တွင် အရှေ့ခန်းက သွားရောက်ပူဇော်ပသခဲ့သည်။

တပေါင်းလပြည့်ကျော် (၆) ရက်(မတ်လ၃၀)တွင် သားလွန်းတောင်ပေါ်၌ နန်းထိမ်း (၂)ဦး ညီလာခံဝင်၍ အလုံဘိုးတော်ကြီးကို ပူဇော်ကန်တော့ကြကာ တပေါင်းလပြည့်ကျော် (၈) ရက် ဧပြီလ (၁)ရက်တွင် သားပြေးတောင်ပေါ်၌ နန်းထိမ်း (၂)ဦး ညီလာခံဝင်ကာ အလုံဘိုးတော်ကြီးကို ပူဇော်ကန်တော့ကြမည်ဖြစ်သည်။

တပေါင်းလပြည့်ကျော် (၉)ရက် ဧပြီလ (၂)ရက် နံနက်ပိုင်းတွင် ကျွဲလှည်းဝင်မည်ဖြစ်ရာ ထိုရက်သည် ပွဲတော်၏ အစည်ကားဆုံးရက်ဖြစ်သလို ထိုနေ့ညနေပိုင်း အလုံဘိုးတော်ကြီး ညီလာခံ အနောက်ခန်းတွင် နန်းထိမ်း (၂)ဦးညီလာခံဝင်မည်ဖြစ်ပြီး တပေါင်းလပြည့်ကျော် (၉)ရက်မှ (၁၃)ရက်ညနေအထိ ပွဲမပြီးမချင်း ညီလာခံဝင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here