ရှမ်းမြောက်ရှိ ကျင်သီယာယီတံတားအား ယနေ့စတင်ဖြတ်သန်းခွင့်ပြု

0
110

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါ- ကျောက်မဲ ဆက်သွယ်ထားသည့် ကျင်သီတံတားအနီးတွင် ယာယီတံတားတည်ဆောက်ပြီးစီးပြီဖြစ်ရာ ယနေ့ မတ်လ (၃၀)ရက် နံနက်ပိုင်းမှ စတင်၍ ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ဖြတ်သန်းခွင့်ပြုရာတွင် အိမ်စီးကားနှင့် ခရီးသည်တင်ကားငယ်တို့ကိုသာ ဖြတ်သန်းခွင့်ပြုခြင်းဖြစ်ပြီး ငွေကြေးကောက်ယူခြင်း မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဟုတ်ပါတယ်။ ဒီနေ့မနက်ပိုင်း (၈)နာရီလောက်မှာစဖြတ်သန်းခွင့်ပြုပါတယ်။ ယာယီတံတားဆိုတော့ ကားကြီးတွေပေးမဖြတ်ပါဘူး။ လားရှိုး ကျောက်မဲသီပေါ ဒေသတွင်း သွားလာရေးအဆင်ပြေသွားတာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ ယာယီတံတားအား ယခု မတ်လ (၂၅)ရက်ကစတင်ဆောက်လုပ်ခြင်းဖြစ်ပြီး ငါးရက်အကြာတွင် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

“တံတားရဲ့အခြေအနေက မနေ့ကညက ဝက်တင်ကားတစ်စီး အစမ်းပေးဖြတ်ကြည့်တယ်ပြောတယ်။ ကုန်တင်ကားပေါ့။ ဘာမှတော့ မဖြစ်ဘူး။ စိုးရိမ်တာက လာမယ့်မိုးတွင်းမှာ ချောင်းကရေအရမ်းစီးတော့ တံတားတိုင်အောက်ခြေတွေ အခုထဲက ခိုင်အောင်‌လုပ်ထားစေချင်တယ်။ မဟုတ်ရင်ရေစီးအားနဲ့ အခုဆောက်ထားပုံနဲ့ဆို ပြန်ပျက်ဆီးနိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်၍ မြန်မာ့တပ်မတော်နှင့် ညီနောင်‌ မြောက်ပိုင်း မဟာမိတ်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ အဓိကကျသော တံတားအချို့ ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသတွင်း ဆက်သွယ်ထားသောတံတား (၅)စင်း ဖျက်ဆီးခံရသဖြင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဓာတ်ပုံ- CJ
ပုံစာ – ကျင်သီယာယီတံတားတည်ဆောက်နေမှုမြင်ကွင်း(ပုံဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here