အစ္စရေးသူလျှိုဟု သံသယရှိသူ အမျိုးသားကို လက်နက်တွေနဲ့အတူ မလေးရှားရဲ ဖမ်းဆီးရမိ

0
173

မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ ဟိုတယ်တစ်ခုကနေ လက်နက်ကိုင် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ အသက် ၃၆ နှစ်အရွယ် ယင်းအမျိုးသားကို အစ္စရေးသူလျှိုတစ်ဦးအဖြစ် သံသယရှိထားကြောင်း မလေးရှား ထိပ်တန်းရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ပစ္စတို ၆ လက်နဲ့ ကျည်ဆန် ၂၀၀ ခန့် သယ်ဆောင်လာတဲ့ ယင်းအမျိုးသားဟာ မတ် ၁၂ ရက်နေ့မှာ ယူအေအီးနိုင်ငံကနေ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၎င်းဟာ ပြင်သစ်
ပတ်စ်ပို့အတုကို အသုံးပြုခဲ့တယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားကြောင်း ရဲအမှုစစ်အရာရှိချုပ် ရာဇာရူဒင် ဟူစိန်က သောကြာနေ့ (မတ် ၂၉) ညပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုအပြီးမှာ သံသယရှိသူက အစ္စရေးပတ်စ်ပို့ကို လွှဲပြောင်းပေးခဲ့တယ်လို့ ရာဇာရူဒင်က ပြောဆိုပါတယ်။

ဒီအမျိုးသားဟာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်နိုင်တယ်ဆိုတဲ့အပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ၎င်းကတော့ သူဟာ မိသားစုတွင်းပြဿနာတစ်ခုကြောင့် အခြား အစ္စရေးနိုင်ငံသားတစ်ဦးကို ရှာဖွေဖမ်းဆီးဖို့ရာ မလေးရှားနိုင်ငံကို လာရောက်ခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေကို ထွက်ဆိုကြောင်း ရာဇာရူဒင်က ပြောဆိုပါတယ်။

“ဒါပေမဲ့ ကျွန်တော်တို့ကတော့ သူ့ဇာတ်ကြောင်းကို လုံးလုံး အယုံအကြည်မရှိပါဘူး၊ တခြားအစီအစဉ်တစ်ခုရှိနိုင်တယ်လို့ သံသယရှိပါတယ်” လို့ ယင်းအမျိုးသားဟာ မလေးရှားနိုင်ငံမှာ ရှိစဉ်အတွင်း ဟိုတယ်အများအပြားကို ရွှေ့ပြောင်းနေထိုင်မှုလုပ်ခဲ့တယ်လို့လည်း ရာဇာရုဒင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သံသယရှိအမျိုးသားဟာ မလေးရှားမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု cryptocurrency ဖြင့် ပေးချေဝယ်ယူခဲ့တဲ့ လက်နက်တွေကို ဘယ်လိုပုံစံ ရရှိခဲ့တယ်ဆိုတာကိုလည်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ယခု ဖမ်းဆီးမှုဖြစ်စဉ်အပြီးမှာ အာဏာပိုင်တွေက မလေးရှားဘုရင်၊ ဝန်ကြီးချုပ်နဲ့ အခြားအဆင့်မြင့် အရာရှိတွေအတွက် လုံခြုံရေးတိုးမြှင့်ထားဖို့ အလေးအနက်သတိပေးခဲ့ကြောင်း သိရပါတယ်။

အစ္စရေးနဲ့ တရားဝင်သံဆက်ဆံရေးမလုပ်ထားသော မွတ်ဆလင်အများစုနေနိုင်ရာ မလေးရှားနိုင်ငံဟာ ပါလက်စတိုင်းတွေကို အခိုင်အမာထောက်ခံပြီး ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ အဆိုအရ မလေးရှားနိုင်ငံမှာ ပါလက်စတိုင်းဒုက္ခသည် ၆၀၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

Ref: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here