NSPNC နှင့် ‌ပုံမှန်တွေ့ဆုံနိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့ ၏ အလုပ်အဖွဲ့ ဖွဲ့မည်

0
146

ပါတီမှတ်ပုံတင် ခွင့်ပြုပြီး ဖြစ်သည့် နိုင်ငံရေးပါတီများနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ပုံမှန်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သည့်အလုပ်အဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၂၈) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ထိုသို့မူဝါဒချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ဆုံပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” လာမယ့် ဧပြီလ (၇) ရက်နေ့မတိုင်ခင်မှာ ဘယ်လိုမူ ၊ ဘယ်လိုသဘောထားတွေကို အခြေခံပြီးတော့မှ အလုပ်အစုအဖွဲ့ကိုဖွဲ့ရင်ကောင်းမလဲဆိုတဲ့ အကြံပြုချက်ကို NSPNC က တောင်းတယ်။ အဲဒီတော့ ဧပြီလ (၇) ရက်မတိုင်ခင် အလုပ်အဖွဲ့ကို ဘယ်လိုဖွဲ့ရင်ကောင်းမယ်ဆိုတဲ့ကျွန်တော်တို့ရဲ့သဘောထားကို သူ့ရဲ့ Email ကို ပို့ကြရမယ့် သဘောရှိတယ်။ ဧပြီလကုန်ပိုင်းလောက်မှာ (၁၅) ဦးပါ အလုပ်အဖွဲ့ကို မှတ်ပုံတင်ကျပြီးသား ပါတီတွေက ရွေးကောက်တင်မြှောက်ပေးရမှ ရှိတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

အဆိုပါ အလုပ်အဖွဲ့ကို NSPNC ဘက်မှ ကမကထပြုကာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး သို့မဟုတ်၊ ရန်ကုန်မြို့ ရွှေလီလမ်းရှိ NSPNC ရုံးတွင် ရွေးကောက်တင်မြှောက်ကာ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

” ရွေးကောင်တင်မြောက်ပြီးသွားရင် ကျွန်တော်တို့ မေလ ဒုတိယပတ်လောက်မှာ NSPNC နဲ့ တွေ့ဖို့ရှိမှာပေါ့။ တစ်လကို တစ်ကြိမ်ဖြစ်ဖြစ် နှစ်ကြိမ်ဖြစ်ဖြစ် ပုံမှန်ပေါ့နော်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆက်ပြီးတော့ ညှိနှိုင်းသွားဖို့ရှိတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

အဆိုပါ အဖွဲ့ဝင် (၁၅) ဦးပါ နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ ဖွဲ့စည်းပြီးပါက လာမည့် NSPNC နှင့် တွေ့ဆုံမှုများကို အဆိုပါ အလုပ်အဖွဲ့မှသာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မတ်လ (၂၈) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တွေဆုံပွဲသို့ မှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီ (၄၃) ပါတီမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနော င်အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here