ပင်တဂွန်ရဲ့ AI ပေါင်းစပ် စစ်ပွဲစနစ် အသင့်ဖြစ်ပြီ

0
138

အမေရိကန်ကာကွယ်ရေးဋ္ဌာန(DOD) ရဲ့ ညဏ်ရည်တု AI ကို စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းစပ်မြှင့်တင်မယ့် နည်းပညာအားဖြည့်အစီအစဉ်တစ်ခုဖြစ်တဲ့ Combined Joint All-Domain Command and Control (CJADC2) စနစ်ဟာ စစ်ပွဲနယ်ပယ်အားလုံးနဲ့ မဟာမိတ်တွေအတွက် ကနဦးအဆင့် အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်ဖွဲ့ဋ္ဌာနအားလုံးမှ အာရုံခံကိရိယာတွေကို ချိတ်ဆက်ကာ တစ်စုတစ်စည်းတည်းသော ကွန်ရက်တစ်ခုဖြစ်စေလျက် စစ်ပွဲတွေမှာ ဗျူဟာမြောက်နဲ့ စစ်ဆင်ရေးအရ လွှမ်းမိုးနိုင်ရေး ရည်ရွယ်တဲ့ CJADC2 အခြေခံဗားရှင်းကို DOD က အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ C4ISRNET ဝက်ဘ်ဆိုက်က ယခုလအတွင်း သတင်းဖော်ပြခဲ့ပါတယ်။ အမေရိကန် ဒုတိယ ကာကွယ်ရေးဝန်ကြီး Kathleen Hicks က ယင်းသို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

DOD ရဲ့ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အသေးစိတ်ပုံစံအရ CJADC2 အတွက် စစ်ရေးဆောင်ရွက်ပုံ အထူးသဖြင့် နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လွှဲပြောင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁.၄ ဘီလီယံ ခွဲဝေပေးထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ကာကွယ်ရေးဋ္ဌာနဟာ တရုတ်နိုင်ငံလို နည်းပညာတတ်ကျွမ်းတဲ့ ရန်သူတွေကို ကျော်လွှားနိုင်ဖို့ရာ မြေပြင်၊ ဝေဟင်၊ ရေပြင်၊ အကာသနဲ့ ဆိုက်ဘာနယ်ပယ်စုံ တပ်ဖွဲ့တွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ ချိတ်ဆက်ဖို့ ကြိုးပမ်းနေပါတယ်။

AI နဲ့ အခြား အသိအမှတ်ပြု ပရိုဂရမ်တွေကို အသုံးပြုကာ စစ်မြေပြင်သတင်းအချက်အလက်တွေကို ပိုမိုမြန်ဆန်စွာ စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာ၊ ဖြန့်ဝေနိုင်ပြီး ပစ်မှတ်တွေကို ပိုမိုမြန်ဆန်စွာဖော်ထုတ်လျက် ချေမှုန်းနိုင်စေမှာဖြစ်ပါတယ်။

ဒီနည်းပညာဟာ ကျယ်ပြန့်သော လက်နက်စနစ်တစ်ခုနဲ့အတူ နေရာအများအပြားက ပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်နိုင်စေမယ့် ကွန်ရက်စိုးမိုးသော သတင်းအချက်အလက် ကျွမ်းကျင်စွမ်းအားစုကို ဖန်တီးရန် ရည်ရွယ်တယ်လို့ DOD ရဲ့ ဒစ်ဂျစ်တယ် နဲ့ AI အရာရှိချုပ် Craig Martell က ပြောဆိုခဲ့ပါတယ်။

Ref: Asia Times


LEAVE A REPLY

Please enter your comment!
Please enter your name here