ရွှေဈေးငွေဈေးအား ဈေးကစားသူများကို စုံစမ်းစစ်ဆေးနေပြီဟုဆို

0
106

ရွှေဈေးငွေဈေးအား ဈေးကစားသူများကို ရရှိထားသည့်သတင်းအချက်အလက် အထောက်အထားများအရ စုံစမ်းစစ်ဆေးနေပြီဖြစ်၍ အရေးယူဆောင်ရွက်မှုများကိုလည်း ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း မကြာခဏ ကောလဟလသတင်းများနှင့်ပတ်သက်၍ ဖြေရှင်းချက်ထုတ်ပြန်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများမဖြစ်စေရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များအကြား တရားဝင်ရောင်းဝယ်နိုင်ရန် FX Market Online Trading Platform မှတစ်ဆင့် ရောင်းချစေခြင်း၊ FX Market Exchange Rate များကို တရားဝင်ကြေညာပေးခြင်း၊ နိုင်ငံခြားသို့ဆေးကုသခြင်း၊ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website နှင့် Central Bank of Myanmar Facebook page များတွင်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည့် တရားဝင် Exchange Rate များကြေညာပေးလျက်ရှိသည်။

မကြာခဏဈေးကစားလိုသူများက နိုင်ငံခြားငွေ Rate အပြောင်းအလဲဖြစ်တော့မည်ဟုလည်းကောင်း၊ ရွှေရောင်းဝယ်မှုများကိုလည်း လေပတ်ကားဈေးများဖြင့် ကောလဟလသတင်းများထုတ်လွှင့်ပြီး နိုင်ငံခြားငွေဈေးနှုန်း၊ ရွှေဈေးနှုန်းများကို ပြည်သူလူထုစိုးရိမ်ပူပန်မှုဖြစ်အောင်ရေးသား၍ ဈေးကစားလျက်ရှိကြောင်း၊ ပုဂ္ဂိုလ်အချို့ကလည်း ဥပဒေနှင့်မညီဘဲ တရားဝင်ကိုင်ဆောင်ခွင့်မရှိဘဲ နိုင်ငံခြားငွေများရောင်းဝယ်နေကြောင်း တွေ့ရကြောင်း ဖော်ပြထားသည်။

ထိုသို့ရောင်းဝယ်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူမည်ဟုလည်း ကြေညာပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ ဘဏ်များ၏ Money Changer များမှထုတ်ပြန်သည့်သတင်းအချက်အလက်များ Data များကိုသာအမြဲလေ့လာ၍ မှန်ကန်သည့်သတင်းအချက်အလက်များကိုသာ ရယူရန်လိုအပ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here