နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကို ရှောင်ရှားကြရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ပြော

0
190

အဂတိ လိုက်စားမှုမှာ နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပွားနိုင်ပြီး ပြစ်မှုကျူးလွန်ပါက အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ရှားကြရန် လိုအပ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားလိုက်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို မတ်လ (၂၉)ရက် နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာ၌ အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့်
နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ရာ အဂတိလိုက်စားမှုများကို နည်းလမ်းပေါင်းစုံနှင့် ထိန်းကျောင်းနေသော်လည်း ဆက်လက်ရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး နည်းပါးရန်၊ လျော့ပါးရန် ထိန်းချုပ်ကာကွယ်တားဆီးရန် လိုအပ်ကြောင်း ဆက်လက်ပြောဆိုသည်။ 

အဂတိလိုက်စားမှု လျော့နည်းစေရေး အသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်မည့်အပြင် အဂတိလိုက်စားမှု လျော့နည်းပပျောက်သွားအောင်၊မဖြစ်သင့်သည်များမဖြစ်အောင် အဖက်ဖက်မှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန်လည်း ၎င်းကပြောကြားသွားသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here