အင်ဒိုနီးရှား ခဲယမ်းမီးကျောက် သိုလှောင်ရုံတစ်ခု ပေါက်ကွဲ မီးလောင်မှုဖြစ်ပွား

0
163

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာအပြင်ဘက်ရှိ ခဲယမ်း မီးကျောက် သိုလှောင်ရုံတစ်ခု အဆက်မပြတ် ပေါက်ကွဲမှုတွေဖြစ်ပြီး မီးလောင်ခဲ့မှုကို မီးသတ်သမားတွေက ငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ အရာရှိတစ်ဦးက တနင်္ဂနွေနေ့ (မတ် ၃၁) မှာ ပြောဆိုပါတယ်။

ဂျကာတာအနီးရှိ သက်တမ်းလွန် လက်နက်ခဲယမ်းတွေ ထားရှိတဲ့ သိုလှောင်ရုံတစ်ခုမှာ စနေနေ့ ဒေသစံတော်ချိန် ည ၆ နာရီလောက်က ပထမဆုံး ပေါက်ကွဲသံကြားခဲ့ရတာဖြစ်ပါတယ်။ အခင်းဖြစ်နေရာကို မီးသတ်ကား ၂၇ စီးစေလွှတ်ခဲ့ကာ မီးသတ်သမားတွေဟာ တနင်္ဂနွေနေ့မနက် ၃း၄၅ နာရီမှာ မီးကို ငြိမ်းသတ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

မီးငြိမ်းသွားတာကို အတည်ပြုနိုင်ပေမယ့် အခြား မီးလောင်ပြင်ပေါ်ပေါက်လာနိုင်တာမျိုးတွေအတွက် အအေးခံဖျန်းပက်တဲ့ လုပ်ငန်းစဉ်လုပ်ဆောင်နေဆဲဖြစ်ပါတယ်လို့ ဂျကာတာမြို့တော် စစ်ဖက်အကြီးအကဲ မိုဟာမက် ဟာဆန်က ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဘုရားရဲ့ ကျေးဇူးတော်ကြောင့် လက်ရှိအထိ အ‌ေ-သအပျောက်ဖြစ်တာမျိုး မတွေ့ရှိရဘူးလို့လည်း သူက ပြောဆိုပါတယ်။

ခဲယမ်းသိုလှောင်ရုံ မီးလောင်မှုဖြစ်စဉ်ကြောင့် အနီးဝန်းကျင်ရှိ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပေမယ့် ယခုအခါ ၎င်းတို့ထဲက အများစုဟာ နေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြပြီဖြစ်တယ်လို့လည်း ဟာဆန်က ပြောဆိုခဲ့ပါတယ်။

အနီးပတ်ဝန်းကျင်မှာ ကျည်ခွံတွေ သို့မဟုတ် အခြား လက်နက်ခဲယမ်းအပိုင်းအစတွေ ကျရောက်မှုရှိခဲ့တယ်လို့ စစ်တပ်က သတင်းရထားပြီး ယင်း ပစ္စည်းတွေကို မထိမိစေဖို့ အများပြည်သူကို နှိုးဆော်ထားကာ အန္တရာယ်ရှိ ပစ္စည်းတွေကို စစ်တပ်က လိုက်လံရှာဖွေနေတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

စစ်ဖက်တပ်မှူးတစ်ဦးရဲ့ အဆိုအရ လက်နက်သိုလှောင်ရုံအတွင်း လျှပ်စစ်မီးမရှိတော့တာကြောင့် ပေါက်ကွဲမှုဟာ သက်တမ်းလွန် ခဲယမ်းတွေရဲ့ ဓါတုနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ မတည်မငြိမ်ဖြစ်မှုကနေ စတင်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here