ဖူကူရှီးမား ရေဆိုးထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တရုတ် ကျွမ်းကျင်သူများ ဆွေးနွေး

0
153

ဆူနာမီဒဏ်သင့် ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေဆိုးထုတ်လွှတ်မှုကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တရုတ် ကျွမ်းကျင်သူတွေ ဆွေးနွေးမှုလုပ်ခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက စနေနေ့ညပိုင်းမှာ ပြောဆိုပါတယ်။ တိုကျိုဟာ ပြီးခဲ့တဲ့နှစ်မှာ သမုဒ္ဒရာအတွင်းသို့ ရေဆိုးထုတ်လွှတ်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း ယခုလို ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က အရည်ပျော်မှုဖြစ်ခဲ့ပြီးနောက် ဓါတ်ပေါင်းဖိုတွေကို အအေးခံရာမှာ အသုံးပြုတဲ့ ရေဆိုးတွေ စွန့်ထုတ်မှုနဲ့ ပတ်သက်ပြီး ဂျပန်နဲ့ တရုတ်အကြား အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ ဂျပန်ကတော့ လုပ်ငန်းစဉ်ကို လုံခြုံဘေးကင်းစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့တယ်လို့ အခိုင်အမာဆိုခဲ့ပေမယ့် ရေဆိုးထုတ်လွှတ်မှုအပေါ် တရုတ်က ဝေဖန်ခဲ့ကာ ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှုတွေကို ပိတ်ပင်ခဲ့ပါတယ်။

“သမုဒ္ဒရာအတွင်း ရေဆိုးစွန့်ထုတ်ခြင်းကိစ္စနဲ့ပတ်သက်လို့ ဂျပန်နဲ့ တရုတ် ကျွမ်းကျင်သူတွေအကြား ဆွေးနွေးပွဲတစ်ခုကို မတ် ၃၀ ရက်က တရုတ်နိုင်ငံ ဒါလီယန်မြို့မှာ ပြုလုပ်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာရဲ့ ထုတ်ပြန်ချက်မှာ ဆိုခဲ့ပါတယ်။

နိုဝင်ဘာလအတွင်းက ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံခဲ့ပြီး ယင်းကိစ္စအပေါ် ကျွမ်းကျင်သူအဆင့် သိပ္ပံအခြေပြု ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက်ပိုင်း ယခု ထုတ်ပြန်ချက် ထွက်လာတာဖြစ်ပါတယ်။

ဂျပန်ဟာ ရေဆိုးတန်ချိန် ၁.၃၄ သန်းအနက် အချို့ကို သြဂုတ်လမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း စတင်စွန့်ထုတ်မှုလုပ်ခဲ့တာဖြစ်ပြီး တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ သံတမန်ရေး ကတောက်တဆဖြစ်မှုတွေ ပေါ်ပေါက်ခဲ့ကာ နှစ်နိုင်ငံစလုံးက ပင်လယ်စာတင်သွင်းမှုတွေကို ပိတ်ပင်ခဲ့ကြပါတယ်။

တိုကျိုဟာ ပင်လယ်ပြင်ကို ရေဆိုးမြောင်းတစ်ခုလို သဘောထားနေတယ်လို့ တရုတ်က စွပ်စွဲခဲ့ပေမယ့် ဂျပန်ကတော့ ရေဆိုးစွန့်ထုတ်မှုဟာ ဘေးကင်းပြီး ကုလသမဂ္ဂ အဏုမြူအေဂျင်စီက ကျောထောက်နောက်ခံပေးထားတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ရေဆိုးသိုလှောင်ကန်တွေ ထပ်ဆောက်ဖို့ရာ နေရာလွတ်မရှိတော့မှုနဲ့ သဘာဝဘေးဒဏ်သင့် ဓါတ်ပေါင်းဖို သုံးခုမှ ရေဒီယိုသတ္တိကြွ လောင်စာတွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားမယ့် ပိုမိုအန္တရာယ်များသော လုပ်ငန်းဆောင်တာတွေအတွက် နေရာထားရန် လိုအပ်လာမှုကြောင့် ဂျပန်က ရေဆိုးစွန့်ထုတ်မှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here