စတော့ဈေးကွက်တွင်ဒုတိယ ဈေးကွက်ဖြစ်သော စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ပါ တည်ထောင်ပြီးဖြစ်ဟုဆို

0
146

ရန်ကုန်စတော့အိတ်ချိန်းတွင် Main Board အပြင် ဒုတိယ ဈေးကွက်ဖြစ်သော စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ပါ တည်ထောင်ပြီးဖြစ်၍ မကြာမီကာလတွင် စာရင်းဝင်အကြိုဈေးကွက်၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်သဖြင့် ကြီးကြပ်ဆောင်ရွက်မှုအပိုင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် လိုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ၏ ပြောကြားချက်အရ သိရသည်။

မတ်လ (၃၀)ရက် နံနက်ပိုင်းတွင်မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (၃/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အနေဖြင့် အရင်းအနှီးဈေးကွက်တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးများ၊ ရင်းနှီးမြှုပ်နှံမှုအကြံပေးများ၊ စာရင်းဝင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီများကို ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ-မရှိကို စောင့်ကြပ်ကွပ်ကဲသွားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ဥပဒေနှင့်မညီညွတ်သည့်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကြိုတင်သိရှိ၍ ကြိုတင်ထိန်းကျောင်းတားဆီးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ အခက်အခဲများရှိလာပါက ကော်မရှင်အနေဖြင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသတင်းပို့အဖွဲ့အစည်းများအား တွန်းအားပေးဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၆၁၉၁ ဦး ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ ရှယ်ယာစုစုပေါင်း ၄ ဒသမ ၄၉၈ သန်း၊ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၄၁ ဘီလီယံ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၆၇၇ ဒသမ ၁၀၉ ဘီလီယံရှိရာ မကြာမီကာလတွင် ဒုတိယဈေးကွက် (Pre Listing Board) ၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here