ပဲခူးတိုင်းတွင် မတ်လအတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်သန်း၅ထောင်ကျော်ဝင်

0
197

ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကျပ် (၅၆၅၄.၇၃၆) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း(၅၆)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်မှ လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၉၈.၀၁၅)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၈၁၁၁၁.၀၁၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းစုစုပေါင်း (၁၁၅၃၇)ဦး ဖန်းတီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်နိုင်သည့် နေရာဒေသကျယ်ဝန်းခြင်း၊ လုပ်သား ပေါကြွယ်ဝခြင်း၊ တည်ရှိပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်ရှင်အလုပ်သမားပြဿနာမရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုစသည့် အခြေခံကောင်းများကြောင့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆက်သွယ်ပြောကြားမှုများရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ (၂၉)ရက်က ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်ခဲ့ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအားလုံးအတွက် လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်နိုင်ရေး အဘက်ဘက်မှ ပံ့ပိုးကူညီပေးလျက်ရှိရာ တည်ရှိပြီး လုပ်ငန်းများ ထပ်မံ တိုးချဲ့လုပ်ကိုင်လာကြကြောင်း သိရသည်။ 

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး ပေါင်းဆန်ထုတ်လုပ်သည့် ဆန်စက်ကြီးများ၊ ဆီစက်ကြီးများ၊ သား၊ငါးအအေး ခန်းစက်ရုံများ၊ ဆိုလာစက်ရုံများ၊ မြေဩဇာစက်ရုံကြီးများစသည်တို့ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာခြင်းနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက် တိုင်းပြည်ဝင်ငွေ ပိုမိုတိုးတက်ရရှိလာနိုင်မည်ဖြစ်၍ တက်ရောက်လာသည့် ကော်မတီဝင်များနေဖြင့် တိုင်းဒေသကြီးအကျိုး၊ နိုင်ငံ့ကောင်းကျိုးရှေးရှု၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးစေလိုကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် Ayar Yoma Agriculture and Trading Co., Ltd မှ အဆင့်မြင့် ဆန်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် လျှောက်ထားလာမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုနှင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ထပ်မံဝင်ရောက်လာမည့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here