နွေဦးရာသီ စစ်မှုထမ်းဆင့်ခေါ်တဲ့ အမိန့်ဒီဂရီကို သမ္မတ ပူတင် လက်မှတ်ရေးထိုး

0
204

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ပုံမှန်နွေဦးရာသီ စစ်မှုထမ်းစီမံချက်ဆိုင်ရာ အမိန့်ဒီဂရီတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေအရ စစ်မှုထမ်းဖို့အတွက် နိုင်ငံသား ၁၅၀၀၀၀ကိုဆင့်ခေါ်ခဲ့တယ်လို့ တနင်္ဂနွေနေ့ (မတ် ၃၁) က ကရင်မလင်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

အသက် ၁၈ နှစ်အရွယ်ကစလို့ ရုရှားနိုင်ငံသား အမျိုးသားအားလုံးဟာ တစ်နှစ်ကြာ စစ်မှုထမ်းဆောင်ဖို့ သို့မဟုတ် အထက်တန်းပညာရေးကာလအတွင်း တူညီတဲ့ လေ့ကျင့်မှုတွေလုပ်ဆောင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။ ရုရှား အောက်လွှတ်တော်က စစ်မှုထမ်းဆောင်ရမယ့် အမျိုးသားတွေရဲ့ အမြင့်ဆုံးအသက်ကို ၂၇ နှစ်ကနေ ၃၀ နှစ်သို့ တိုးမြှင့်လိုက်တဲ့ ဥပဒေကြမ်းကို ဇူလိုင်လမှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ယင်းဥပဒေဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက်ဝင်ခဲ့ပါတယ်။

မဖြစ်မနေစစ်မှုထမ်းဆောင်ရတဲ့ အစီအစဉ်ဟာ ရုရှားနိုင်ငံမှာ ကာလကြာရှည်ကြုံနေရတဲ့ ထိရှလွယ်အကြောင်းအရာဖြစ်ပြီး အမျိုးသားအများအပြားဟာ တစ်နှစ် နှစ်ကြိမ် စစ်မှုထမ်းဆင့်ခေါ်တဲ့ ကာလတွေအတွင်းမှာ စစ်မှုထမ်းခြင်းဆိုင်ရာစာတမ်းများ ပေးဆောင်ခံရခြင်းမှ ရှောင်လွှဲဖို့ကြိုးစားကြလေ့ရှိကြောင်း သိရပါတယ်။

ဥပဒေအရ စစ်မှုထမ်းဆောင်သူတွေကို ရုရှားနိုင်ငံ ပြင်ပတိုက်ပွဲတွေမှာ တရားဝင်တပ်ဖြန့်နိုင်ခြင်း မရှိသလို ၂၀၂၂ ခုနှစ် ကန့်သတ်စည်းရုံးစုဆောင်းခြင်း(ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့အတွက် စစ်ရေးလေ့ကျင့်ခန်းတွေ ပြီးမြောက်ထားသူ အမျိုးသား ၃ သိန်းခန့် စုဆောင်းခဲ့ခြင်း) အစီအစဉ်မှ ကင်းလွတ်ခွင့်ရှိပေမယ့် လွဲမှားစွာနဲ့ ရှေ့တန်းကို ပို့ခံရတဲ့ စစ်မှုထမ်းအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်းက ဆောင်းဦး စစ်မှုထမ်းအစီအမံအတွက် လူပေါင်း ၁၃၀၀၀၀ ကို ဆင့်ခေါ်မယ့် အမိန့်ကို ပူတင်က လက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့တဲ့ နွေဦးရာသီကတော့ ရုရှားဟာ လူပေါင်း ၁၄၇၀၀၀ ကို စစ်မှုထမ်းဆင့်ခေါ်ဖို့ စီစဉ်ခဲ့ကြောင်း သိရပါတယ်။

Ref: U.S.News


LEAVE A REPLY

Please enter your comment!
Please enter your name here